သံယုတ္တနိကာယ်—၂၂

(၁ဝ) ၅—ပုပ္ဖဝဂ်

၃—ဖေဏပိဏ္ဍူပမသုတ်

၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် အယုဇ္ဈမြို့ ဂင်္ဂါမြစ်ကမ်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ဥပမာသော်ကား ဤဂင်္ဂါမြစ်သည်ကြီးစွာသော ရေမြှုပ်စိုင်ကို ဆောင်လာရာ၏၊ ထိုရေမြှုပ်စိုင်ကြီးကို မျက်စိအမြင်ရှိသော ယောကျာ်းသည်ကြည့်ရာ၏၊ တစိမ့်စိမ့် ရှုရာ၏၊ အသင့်အားဖြင့် ဆင်ခြင်ရာ၏၊ ထိုယောကျာ်းသည် ကြည့်နေစဉ်တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ရေမြှုပ်စိုင်ကြီးသည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီး ဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ ရေမြှုပ်စိုင်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင် မည်နည်း။

ရဟန်းတို့ ဤအတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောရုပ်အားလုံးကို ရဟန်းသည် ကြည့်၏၊ တစိမ့်စိမ့် ရှု၏၊ အသင့်အားဖြင့် ဆင်ခြင်၏၊ ထိုရဟန်းသည်ထိုကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုရုပ်သည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ ရုပ်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား တန်ဆောင်မုန်းလ အခါ၌ မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် ရေ၌ ့ရေပွက်သည် ဖြစ်လည်း ဖြစ်၏၊ ချုပ်လည်း ချုပ်၏၊ ထိုရေပွက်ကို မျက်စိအမြင်ရှိသော ယောကျာ်းသည် ကြည့်ရာ၏၊ တစိမ့်စိမ့် ရှုရာ၏၊ အသင့်အားဖြင့် ဆင်ခြင်ရာ၏၊ ထိုယောကျာ်းသည် ကြည့်နေစဉ်တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုရေပွက်သည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်း နှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ ရေပွက်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင် မည်နည်း။

ရဟန်းတို့ ဤအတူ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောဝေဒနာအားလုံးကို ရဟန်းသည် ကြည့်၏၊ တစိမ့်စိမ့် ရှု၏၊ အသင့်အားဖြင့် ဆင်ခြင်၏၊ ထိုရဟန်းသည်ကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုဝေဒနာသည် အသုံးမဝင်ဟူ၍ သာထင်ရာ၏၊ အချည်းနှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ ဝေဒနာ၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား နွေဥတုတို့၏ နောက်ဆုံးလဝယ် မွန်းတည့်အချိန်၌ တံလျှပ်သည်တဖြတ်ဖြတ် တုန်လှုပ်၏၊ ထိုတံလျှပ်ကို မျက်စိအမြင်ရှိသော ယောကျာ်းသည် ကြည့်ရာ၏၊ တစိမ့်စိမ့် ရှုရာ၏၊ အသင့်အားဖြင့် ဆင်ခြင်ရာ၏၊ ထိုယောကျာ်းသည် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ်ထိုတံလျှပ်သည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာထင်ရာ၏။ပ။ ရဟန်းတို့ တံလျှပ်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။ ရဟန်းတို့ ဤအတူသညာအားလုံး။ပ။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာလေ့ရှိသော အနှစ်ရှာမှီးရန် လှည့်လည်နေသော ယောကျာ်းသည် ထက်လှသော ဓားမကို ယူ၍ တောသို့ ဝင်ရာ၏၊ ထိုယောကျာ်းသည်ထိုတော၌ ဖြောင့်မတ်သော လတ်ဆတ်သော အတွင်း၌ သီးခိုင်တံ မရောက်သေးသော ငှက်ပျောတုံးကြီးကိုမြင်ရာ၏၊ ထိုငှက်ပျောတုံးကို အရင်း၌ ဖြတ်ရာ၏၊ အရင်း၌ ဖြတ်ပြီးလျှင် အဖျား၌ ဖြတ်ရာ၏၊ အဖျား၌ ဖြတ်ပြီးလျှင် အထပ်ထပ်သော အပပ်ကို ခွါရာ၏၊ ထိုယောကျာ်းသည် ငှက်ပျောတုံး၏ အထပ်ထပ်သောအပပ်ကို ခွါသော် အကာကိုမျှ မရရာ၊ အနှစ်ကို အဘယ်မှာ ရမည်နည်း၊ ထိုငှက်ပျောတုံးကို မျက်စိအမြင်ရှိသော ယောကျာ်းသည် ကြည့်ရာ၏၊ တစိမ့်စိမ့် ရှုရာ၏၊ အသင့်အားဖြင့် ဆင်ခြင်ရာ၏၊ ထိုယောကျာ်းသည် ကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုငှက်ပျောတုံးသည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ငှက်ပျောတုံး၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

ရဟန်းတို့ ဤအတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောသင်္ခါရအားလုံးတို့ကို ရဟန်းသည် ကြည့်၏၊ တစိမ့်စိမ့် ရှု၏၊ အသင့်အားဖြင့် ဆင်ခြင်၏၊ ထိုရဟန်းသည်ကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုသင်္ခါရတို့သည် အသုံးမဝင်ဟူ၍ သာထင်ရာ၏၊ အချည်းနှီးဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ သင်္ခါရတို့၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား မျက်လှည့်သမားဖြစ်စေ၊ မျက်လှည့်သမား၏ တပည့်ဖြစ်စေ လမ်းဆုံလမ်းမ၌ မျက်လှည့်ပြရာ၏၊ ထိုမျက်လှည့်ကို မျက်စိအမြင်ရှိသော ယောကျာ်းသည် ကြည့်ရာ၏၊ တစိမ့်စိမ့်ရှုရာ၏၊ အသင့်အားဖြင့် ဆင်ခြင်ရာ၏၊ ထိုယောကျာ်းသည် ကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ်အသင့်အားဖြင့် ဆင်ခြင်နေစဉ် ထိုမျက်လှည့်သည် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီးဟူ၍ သာထင်ရာ၏၊ အနှစ်မဲ့ ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ မျက်လှည့်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

ရဟန်းတို့ ဤအတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို ရဟန်းသည် ကြည့်၏၊ တစိမ့်စိမ့် ရှု၏၊ အသင့်အားဖြင့် ဆင်ခြင်၏။ ထိုရဟန်းသည့်ကြည့်နေစဉ် တစိမ့်စိမ့် ရှုနေစဉ် အသင့်အားဖြင့် ဆင်ခြင်နေစဉ် အသုံးမဝင်ဟူ၍ သာ ထင်ရာ၏၊ အချည်းနှီး ဟူ၍ သာ ထင်ရာ၏၊ အနှစ်မဲ့ဟူ၍ သာ ထင်ရာ၏။ ရဟန်းတို့ ဝိညာဏ်၌ အနှစ်ဟူ၍ အဘယ်မှာ ရှိနိုင်မည် နည်း။

ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ်သည် ဖြစ်၏။ပ။ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။

မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ထိုမှတစ်ပါးသော ဤဂါထာကို ဟောတော်မူပြန်၏—

ရုပ်ကို ရေမြှုပ်စိုင်နှင့် တူ၏ဟူ၍လည်းကောင်း၊ ဝေဒနာကို ရေပွက်နှင့် တူ၏ဟူ၍လည်းကောင်း၊ သညာကို တံလျှပ်နှင့် တူ၏ဟူ၍လည်းကောင်း၊ သင်္ခါရတို့ကို ငှက် ပျောတုံးနှင့် တူ၏ဟူ၍လည်းကောင်း၊ ဝိညာဏ်ကို မျက်လှည့်နှင့် တူ၏ဟူ၍လည်း ကောင်း နေမင်းအဆွေ ဖြစ်တော်မူသော မြတ်စွာဘုရားသည်ဟောတော်မူအပ်၏။

အကြင်ပညာရှိသည် ထိုခန္ဓာငါးပါးကို အကြင်အကြင် အခြင်းအရာအားဖြင့်ဟုတ် တိုင်းမှန်စွာ တစိမ့်စိမ့်ရှု၏၊ အသင့်အားဖြင့် ဆင်ခြင်၏၊ ထိုထိုအခြင်းအရာအားဖြင့်ဟုတ်တိုင်းမှန်စွာ ကြည့်ရှုဆင်ခြင်သော်ထိုပညာရှိအား ထိုခန္ဓာငါးပါးသည် အသုံး မဝင်ဟူ၍ သာ ထင်၏၊ အချည်းအနှီးဟူ၍ သာ ထင်၏။

ဤခန္ဓာကိုယ်ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောတော်မူ၏၊ တရားသုံးပါး တို့၏ကင်းပျောက်ခြင်းကြောင့် စွန့်ပစ်အပ်သော ရုပ်ကို ရှုကြကုန်လော့။

ဇီဝိတိန္ဒြေဟူသော အသက်, ကမ္မဇတေဇောဟူသော အခိုးအငွေ့, ဝိညာဏ် ( ဤ တရားသုံးပါးတို့သည်) ဤကိုယ်ကို စွန့်သွားကြသောအခါ ဤခန္ဓာကိုယ်သည် စွန့် ပစ်အပ်သည် ဖြစ်၍ စိတ်စေတနာ စေ့ဆော်မှုမရှိဘဲ ပိုးလောက်စသည်တို့၏ အစာ ဖြစ်၍ အိပ်နေရ၏။

ဤခန္ဓာကိုယ်သည် ဤသို့ သဘောရှိ၏၊ ဤဝိညာဏက္ခန္ဓာသည် လူမိုက်တို့ကိုယောင်မှားပြောဆိုစေသော မျက်လှည့်သည် ဖြစ်၏၊ ဤခန္ဓာကိုယ်ကို သူသတ်သမားဟု ဆိုရ၏၊ ဤခန္ဓာတို့၌ အနှစ်ဟူ၍ မရှိ။

ထက်သန်သော လုံ့လရှိသော ရဟန်းသည် နေ့၌ ဖြစ်စေ၊ ညဉ့်၌ ဖြစ်စေ ဆင်ခြင် ဉာဏ်ရှိသည်အောက်မေ့မှု သတိရှိသည် ဖြစ်၍ ခန္ဓာတို့ကို ဤသို့ ရှုဆင်ခြင်ရာ၏။

သေခြင်း မရှိသော နိဗ္ဗာန်ကို တောင့်တသော ရဟန်းသည် အနှောင်အဖွဲ့ သံယောဇဉ်အားလုံးကိုပယ်စွန့်ရာ၏၊ မိမိ၏ ကိုးကွယ်ရာ အားထားရာကို ပြုရာ၏၊ ‘ ဦးထိပ်၌ မီးလောင်နေသော သူကဲ့သို့ ‘ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။