သံယုတ္တနိကာယ်—၂၂

(၁ဝ) ၅—ပုပ္ဖဝဂ်

၂—ပုပ္ဖသုတ်

၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် လောကနှင့် မငြင်းခုံ၊ လောကကသာ ငါနှင့် ငြင်းခုံ၏။

ရဟန်းတို့ တရားအတိုင်း ပြောတတ်သူသည် လောက၌ တစ်စုံတစ်ယောက်နှင့်မျှ မငြင်းခုံ၊ ရဟန်းတို့လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း “မရှိ”ဟုပင် ဆို၏၊ ရဟန်းတို့လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း “ရှိ၏”ဟုပင် ဆို၏။

ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါဘုရားကလည်း “မရှိ”ဟုပင် ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသောရုပ်ကို လောက၌ မရှိဟု ပညာရှိတို့ သမုတ်အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း “မရှိ”ဟုပင် ဆို၏။

ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသောဝိညာဏ်ကို လောက၌ မရှိဟု ပညာရှိတို့ သမုတ်အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း”မရှိ”ဟုပင် ဆို၏။ ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါကလည်း “မရှိ”ဟုပင်ဆိုသော အရာ ကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း “ရှိ၏”ဟု ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်မျိုးကိုလောက၌ ရှိ၏ဟု ပညာရှိတို့ သမုတ်အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း “ရှိ၏”ဟုပင် ဆို၏။ မမြဲသော ဝေဒနာ။ပ။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို လောက၌ ရှိ၏ဟုပညာရှိတို့ သမုတ်အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း “ရှိ၏”ဟုပင် ဆို၏၊ ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း “ရှိ၏”ဟု ဆိုသော အရာကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပျက်စီးတတ်သော တရားဟူ၍ ရှိ၏၊ ထိုတရားကို ငါဘုရားသည် ကိုယ်တိုင့်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိပြီးလျှင် ထိုးထွင်း၍ သိပြီးလျှင် ထိုတရားကို ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ မြတ်စွာဘုရားသည်ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြောအပ် ဟောအပ် ပညတ်အပ် တည်ထားအပ် ဖွင့်ပြအပ် ဝေဖန်အပ် ပေါ်လွင်အောင် ပြုအပ်သော လောက၌ ပျက်စီးတတ်သော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရုပ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရားသည် ကိုယ်တိုင်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ငါဘုရားက ပြောသော်လည်း ဟောသော်လည်း ပညတ်သော်လည်း တည်ထားသော်လည်းဖွင့်ပြသော်လည်း ဝေဖန်သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်,ဉာဏ်မျက်စိ မပါသည်ဖြစ်၍ မသိမမြင် သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ ပြုနိုင်မည်နည်း။

ရဟန်းတို့ ဝေဒနာသည် လောက၌ ပျက်စီးတတ်သော တရားတည်း။ပ။ သညာသည်။ သင်္ခါရတို့သည်။ ရဟန်းတို့ ဝိညာဏ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရားသည်ကိုယ်တိုင် သိ၏၊ ထိုထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ငါဘုရားက ပြောသော်လည်း ဟောသော်လည်း ပညတ်သော်လည်း တည်ထားသော်လည်းဖွင့်ပြသော်လည်း ဝေဖန် သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်,ဉာဏ်မျက်စိ မပါသည် ဖြစ်၍ မသိမမြင်သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ပြုနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား ကြာညိုဖြစ်စေ၊ ကြာပဒုမ္မာဖြစ်စေ၊ ကြာပုဏ္ဍရိက်ဖြစ်စေ ရေ၌ ပေါက်၏၊ ရေ၌ ကြီးပွါး၏၊ ရေမှ တက်၍ တည်၏၊ ရေနှင့် မလိမ်းကျံ။ ရဟန်းတို့ ဤအတူ မြတ်စွာဘုရားသည်လောက၌ ဖြစ်၏၊ လောက၌ ကြီးပွါး၏၊ လောကကို လွှမ်းမိုး၍ နေ၏၊ လောကနှင့် မလိမ်းကျံဟု (ဟော တော်မူ၏)။

ဒုတိယသုတ်။