သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၅—ဝက္ကလိသုတ်

၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဝက္ကလိသည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်၍ အိုးထိန်းသည်အိမ်၌ နေ၏၊ ထိုအခါအသျှင် ဝက္ကလိသည် အလုပ်အကျွေးတို့ကို မိန့်တော်မူ၏— “အသျှင်တို့ လာကြကုန်လော့၊ သင်တို့သည်မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်ကြ၍ ‘အရှင်ဘုရား ဝက္ကလိရဟန်းသည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုအသျှင်သည် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်ပါ၏ ‘ဟု ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ကြကုန်လော့၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ဝက္ကလိရဟန်းထံသို့ သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေ လိုပါသတဲ့’ဟု ဤသို့လည်း လျှောက်ကြကုန်လော့”ဟု မိန့်ဆို၏။ ငါ့သျှင် ကောင်းပါပြီဟုထိုရဟန်းတို့သည် အသျှင်ဝက္ကလိအား ဝန်ခံကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကာ ဤသို့ လျှောက်ကြကုန်၏ — “အသျှင်ဘုရားဝက္ကလိရဟန်းသည် အနာရောဂါ နှိပ် စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေပါ၏၊ ထိုအသျှင်သည် မြတ်စွာ ဘုရား၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏၊ အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ဝက္ကလိ ရဟန်းထံသို့ အစဉ်သနားသည်ကို အကြောင်းပြု၍ ကြွတော်မူစေလိုပါသတဲ့ဟု ဤသို့လည်း လျှောက်လိုက် ပါ၏ “ဟု လျှောက်ကြကုန်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင် လျက်အသျှင်ဝက္ကလိထံသို့ ချဉ်းကပ်တော်မူ၏။ အသျှင်ဝက္ကလိသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးမှပင်မြင်၍ ညောင်စောင်းမှ အောက်သို့ ဆင်းမည့်အယောင် ပြုလေ၏။ ထိုအခါ မြတ်စွာဘုရားသည်အသျှင်ဝက္ကလိကို “ဝက္ကလိ မသင့်၊ သင်သည် ညောင်စောင်းပေါ်မှ မဆင်းလင့်၊ ခင်းထားပြီးသော ဤနေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့”ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ခင်းထားပြီးသော နေရာ၌ ထိုင်ပြီးသော် အသျှင်ဝက္ကလိအား ဤစကားကို မိန့်တော်မူ၏ — “ဝက္ကလိ ခန့်ကျန်းပါ၏့လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့ ဆုတ်ယုတ်ကုန်၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့ ဆုတ်ယုတ်မှုသည် ထင်ပါ၏လော၊ တိုးပွါးမှုသည် မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော် မခန့်ကျန်းပါ၊ မမျှတပါ၊ တပည့်တော်အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့၏ တိုးပွါးမှုသည် ထင်ပါ၏၊ ဆုတ်ယုတ်မှုသည် မထင်ပါဟု လျှောက်၏။

ဝက္ကလိ သင့်အား တစ်စုံတစ်ခုသော ပူပန်မှု နှလုံးမသာမှုသည် မရှိပါသလော။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်အား ပူပန်မှု နှလုံးမသာမှုသည် မနည်းလှပါ။ ဝက္ကလိ သင့်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏လော။ အသျှင်ဘုရား တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင်မစွပ်စွဲဘဲ ရှိပါ၏။ ဝက္ကလိ သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲဘဲ ရှိခဲ့မူ သင်၏ ပူပန်မှု နှလုံးမသာမှုကားအဘယ် နည်း။ အသျှင်ဘုရား တပည့်တော်သည် ကြာမြင့်စွာကပင် မြတ်စွာဘုရားကို ဖူးမြော်ရန်ချဉ်းကပ်လိုခဲ့ပါ၏၊ သို့ရာတွင် တပည့်တော်၏ ကိုယ်၌ မြတ်စွာဘုရားကို ဖူးမြော်ရန်ချဉ်းကပ်နိုင်လောက်သော ခွန်အားမျှပင် မရှိခဲ့ပါ။

ဝက္ကလိ မသင့်လျော်၊ ဤအပုပ်ကောင်ကို သင် ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း၊ ဝက္ကလိတရားကို မြင်သော သူသည် ငါဘုရားကို မြင်သည် မည်၏၊ ငါဘုရားကို မြင်သော သူသည် တရားကိုမြင်သည် မည်၏။ ဝက္ကလိ မှန်၏၊ တရားကို မြင်လျှင် ငါ့ကို မြင်၏၊ ငါ့ကို မြင်လျှင် တရားကို မြင်၏။

ဝက္ကလိ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာတည်း၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင် ဘုရား။ပ။ “ ဤဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့် လျော်ပါ အသျှင်ဘုရား။ ထိုသို့ ဖြစ်သောကြောင့်။ပ။ ထိုသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်ဝက္ကလိကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှ ထကာဂိဇ္ဈကုဋ်တောင်သို့ ဖဲသွားတော်မူ၏၊ ထို့နောက် အသျှင်ဝက္ကလိသည် မြတ်စွာဘုရား ကြွသွား၍ မကြာမီအလုပ်အကျွေးတို့ကို မိန့်တော်မူ၏— “ငါ့သျှင်တို့ လာကြကုန်လော့၊ ငါ့ကို ညောင်စောင်းပေါ်တင်ပြီးလျှင်ဣသိဂိလိတောင်နံပါး ကာဠသိလာကျောင်းသို့ ချဉ်းကပ်ကုန်လော့၊ ‘ငါကဲ့သို့သော သူသည်အဘယ့်ကြောင့် ရွာတွင်းမှာ သေမှုကို ပြုသင့်သည်’ဟု ထင်ရာအံ့နည်း”ဟု (ဆို၏)။ “ငါ့သျှင်ကောင်းပါပြီ”ဟု ရဟန်းတို့သည် အသျှင်ဝက္ကလိအား ဝန်ခံကုန်၍ အသျှင်ဝက္ကလိကိုညောင်စောင်းပေါ်တင်ပြီးလျှင် ဣသိဂိလိတောင် နံပါး ကာဠသိလာကျောင်းသို့ ချဉ်းကပ်ကုန်၏။ ထိုအခါမြတ်စွာဘုရားသည် ထိုညဉ့်နှင့် ကျန်သေးသော နေ့အချိန်ပတ်လုံး ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အလွန်နှစ်သက်ဖွယ်သော ညဉ့် (သန်းခေါင်ယံ) ၌ နှစ်သက်ဖွယ် အဆင်းရှိကြသောနတ်နှစ်ဦးတို့သည် ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ထွန်းလင်း စေ၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ကြပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ရပ်ကုန်လျက် နတ်တစ်ဦးကမြတ်စွာဘုရားအား “အသျှင်ဘုရား ဝက္ကလိရဟန်းသည် လွတ်မြောက်ခြင်းငှါအားထုတ်နေပါ၏”ဟု လျှောက် လေ၏။ နောက်တစ်ဦးက မြတ်စွာဘုရားအား “အသျှင်ဘုရားထိုအသျှင်သည် ဧကန် ကောင်းစွာ လွတ် မြောက်ခြင်းဖြင့် လွတ်မြောက်ပါလိမ့်မည်”ဟု လျှောက်၏။

ထိုနတ်တို့သည် ဤစကားကို လျှောက်ကြပြီး လျှင် မြတ်စွာဘုရားကို ရှိခိုးကြ၍ အရိုအသေပြုကာ့ထိုနေရာ၌ ပင် ကွယ်ပျောက်ကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သော အခါ ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့လာကြကုန်လော့၊ သင်တို့သည် ဝက္ကလိရဟန်းထံသို့ ချဉ်းကပ်ကြပြီးလျှင် ဝက္ကလိရဟန်းကို ဤသို့ ဆိုကြကုန်လော့၊ ငါ့သျှင်ဝက္ကလိ သင်သည် မြတ်စွာဘုရား၏ စကားနှင့် နတ်နှစ်ဦးတို့၏ စကားကို နားထောင်လော့၊ ငါ့သျှင် ဤညဥ့် (သန်းခေါင်ယံ) ၌ နှစ်သက်ဖွယ်အဆင်းရှိကြသော နတ်နှစ်ဦးတို့သည် ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ကုန်လျက် နတ်တစ်ဦးက မြတ်စွာဘုရားအား ဤသို့လျှောက်၏ — ‘အသျှင်ဘုရား ဝက္ကလိရဟန်းသည် လွတ်မြောက်ခြင်းငှါ အားထုတ်နေပါ၏ ‘ဟု လျှောက်၏။

နောက် အခြား နတ်တစ်ဦးက မြတ်စွာဘုရားအား ဤသို့ လျှောက်၏— ‘အသျှင်ဘုရား ထိုရဟန်းသည်ဧကန် ကောင်းစွာ လွတ်မြောက် ခြင်းဖြင့် လွတ်မြောက်ပါလိမ့်မည် ‘ဟု လျှောက်၏။

မြတ်စွာဘုရားသည်လည်း သင့်ကို ဤသို့ ဆို၏— “ဝက္ကလိ မကြောက်လင့်၊ ဝက္ကလိ မကြောက်လင့်၊ သင့်အား မယုတ်မာသော သေမှု ဖြစ်လတ္တံ့၊ မယုတ်မာ သော သေခြင်းကို ပြုမှု ဖြစ်လတ္တံ့”ဟုမိန့်တော်မူလိုက်ပါသည်ဟု ဆိုကြကုန်လော့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟုထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် အသျှင်ဝက္ကလိ ထံသို့ ချဉ်းကပ်၍ အသျှင်ဝက္ကလိကို “ငါ့သျှင်ဝက္ကလိ မြတ်စွာဘုရား၏ စကားနှင့် နတ်နှစ်ဦးတို့၏ စကား ကိုနားထောင်လော့”ဟု ဤစကားကို ဆိုကုန်၏။

ထိုအခါ အသျှင်ဝက္ကလိသည် အလုပ်အကျွေးတို့ကို “ငါသျှင်တို့ လာကြကုန်လော့၊ ငါ့ကို ညောင်စောင်းပေါ်မှ ချကြကုန်လော့၊ ‘ငါကဲ့သို့သော သူသည် မြင့်သော နေရာ၌ ထိုင်၍ ထိုမြတ်စွာဘုရား၏အဆုံး အမကို နာထိုက်သည်ဟု အဘယ့်ကြောင့် မှတ်ထင်ရာအံ့နည်း’ဟု” မိန့်ဆို၏။ “ငါ့သျှင်ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်ဝက္ကလိအား ဝန်ခံပြီးလျှင် အသျှင်ဝက္ကလိကိုညောင်စောင်းပေါ်မှ ချကြကုန်၏။ ငါ့သျှင် ဤညဥ့် (သန်းခေါင်ယံ) ၌ နတ်နှစ်ဦးတို့သည်။ပ။ တစ်ခုသောနေရာ၌ ရပ်ကုန်လျက် နတ်တစ်ဦးက မြတ်စွာဘုရားအား ဤသို့ လျှောက်၏—“အသျှင်ဘုရားဝက္ကလိရဟန်းသည် လွတ်မြောက်ခြင်းငှါ အားထုတ် နေပါ၏”ဟု လျှောက်၏။ နောက် အခြားနတ်တစ်ဦးက မြတ်စွာဘုရားအား ဤသို့ လျှောက်၏— “မြတ်စွာ ဘုရား ထိုအသျှင်သည် ဧကန်ကောင်းစွာ လွတ်မြောက်ခြင်းဖြင့် လွတ်မြောက်ပါလိမ့်မည်”ဟု လျှောက်၏။ မြတ်စွာဘုရားသည်လည်းသင့်ကို “ဝက္ကလိ မကြောက်လင့်၊ ဝက္ကလိ မကြောက်လင့်၊ သင့်အား မယုတ်မာ သော သေမှု ဖြစ်လတ္တံ့၊ မယုတ်မာသော သေခြင်းကို ပြုမှု ဖြစ်လတ္တံ့”ဟု မိန့်တော်မူလိုက်၏ဟု ပြောဆို ကုန်၏။ ငါ့သျှင်တို့သို့ဖြစ်လျှင် “အသျှင်ဘုရား ဝက္ကလိရဟန်းသည် အနာရောဂါ နှိပ်စက်ရကား ဆင်းရဲသို့ ရောက်လျက်ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုအသျှင်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ပါ၏”ဟုငါ၏ စကားဖြင့် မြတ်စွာဘုရား ခြေတော်တို့ကို ဦးခိုက်ကြကုန်လော့၊ ဤသို့လည်း လျှောက်ကုန်လော့ —ိံ”အသျှင်ဘုရား ရုပ်သည် မမြဲ၊ ထိုသဘောကို တပည့်တော် မယုံမှားပါ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်၌ ငါ့အား လိုချင် မှုတပ်မက်မှု တွယ်တာမှု မရှိ၊ ဤအရာ၌ ယုံမှား မရှိတော့ပါ။ အသျှင်ဘုရား ဝေဒနာသည် မမြဲ၊ ထိုသဘောကို တပည့်တော် မယုံမှားပါ၊ မမြဲသော ဝေဒနာသည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာ၌ ငါ့အား လိုချင်မှု တပ်မက်မှု တွယ်တာမှုမရှိ၊ ဤအရာ၌ ယုံမှား မရှိတော့ပါ။ အသျှင်ဘုရား သညာသည်။ သင်္ခါရတို့သည် မမြဲ၊ ထိုသဘောကိုတပည့် တော် မယုံမှားပါ၊ မမြဲသော တရားသည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော တရား၌ ငါ့အား လိုချင်မှု တပ်မက်မှု တွယ်တာမှု မရှိ၊ ့ ဤအရာ၌ ယုံမှား မရှိတော့ပါ။ အသျှင်ဘုရား ဝိညာဏ်သည် မမြဲ၊ ထိုသဘောကို တပည့်တော်မယုံမှားပါ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်၌ ငါ့အား လိုချင်မှု တပ်မက်မှု တွယ်တာမှု မရှိ၊ ဤအရာ၌ ယုံမှား မရှိတော့ပါဟုလည်း လျှောက် ကုန်လော့”ဟု ဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟုထိုရဟန်းတို့သည် အသျှင်ဝက္ကလိအား ဝန်ခံကုန်ပြီးလျှင် ပြန်သွားကြကုန်၏။ ထို့နောက် ထိုရဟန်းတို့ပြန်သွား၍ မကြာမီ အသျှင်ဝက္ကလိသည် ဓားဖြင့် လည်ကို ဖြတ်လေ၏။

ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်၍ ဤစကားကို လျှောက်ကုန်၏ —“အသျှင်ဘုရား ဝက္ကလိသည် အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုအသျှင်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ပါ၏၊ ဤသို့လည်း လျှောက်လိုက်ပါ၏— ‘အသျှင်ဘုရား ရုပ်သည် မမြဲ၊ ထိုသဘောကိုတပည့်တော် မယုံမှားပါ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်၌ ငါ့အား လိုချင်မှု တပ်မက်မှု တွယ်တာမှု မရှိ၊ ဤအရာ၌ ယုံမှား မရှိ တော့ပါ။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ ထိုသဘောကို တပည့်တော် မယုံမှားပါ၊ မမြဲသော တရားသည် ဆင်းရဲ၏၊ ဤအရာ၌ ယုံမှား မရှိပါ၊ မမြဲသော ဆင်းရဲသော ဖောက် ်ပြန်ခြင်းသဘောရှိသော တရား၌ ငါ့အား လိုချင်မှု တပ်မက်မှု တွယ်တာမှုမရှိ၊ ဤအရာ၌ ယုံမှားမရှိ တော့ပါ’ဟု လျှောက်လိုက်ပါသည် “ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—“ရဟန်းတို့ လာ, သွားကြကုန်အံ့၊ ဣသိဂိလိတောင်နံပါး ကာဠသိလာကျောင်းသို့ ချဉ်းကပ်ကြကုန်အံ့၊ ယင်းကျောင်း၌ ဝက္ကလိမည်သောအမျိုးသားသည် ဓားဖြင့် လည်ကို ဖြတ်လေပြီ”ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား”ဟုထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏၊ ထို့နောက် မြတ်စွာဘုရားသည် များစွာကုန်သောရဟန်းတို့နှင့် အတူ ဣသိဂိလိတောင်နံပါး ကာဠသိလာကျောင်းသို့ ချဉ်းကပ်တော်မူလေ၏၊ မြတ်စွာဘုရားသည် ညောင် စောင်းပေါ်၌ အသျှင်ဝက္ကလိ လည်ပင်း လည်၍ လဲနေသည်ကို အဝေးမှပင်မြင်တော်မူ၏။

ထိုအခါ၌ အခိုးအကြောင်း အမိုက်မှောင်အကြောင်းသည် အရှေ့အရပ်သို့လည်း သွား၏၊ အနောက်အရပ်သို့လည်း သွား၏၊ မြောက်အရပ်သို့လည်း သွား၏၊ တောင်အရပ်သို့လည်း သွား၏၊ အထက်အရပ်သို့လည်း သွား၏၊ အောက်အရပ်သို့လည်း သွား၏၊ အထောင့်အရပ်သို့လည်း သွား၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ —“ရဟန်းတို့ သင်တို့သည် ဤသို့ အခိုးအကြောင်းအမိုက်မှောင် အကြောင်း အရှေ့အရပ်သို့။ပ။ အထောင့်အရပ်သို့ သွားနေသည်ကို မြင်ကြကုန်၏လော”ဟု (မိန့်တော် မူ၏)။ မြင်ပါ၏ အသျှင်ဘုရား။ ရဟန်းတို့ ထိုအရာသည် ယုတ်မာသော မာရ်နတ် ဖြစ်၏။

“ဝက္ကလိ အမျိုးသား၏ ဝိညာဏ်သည် အဘယ်မှာ တည်သနည်း”ဟု ဝက္ကလိအမျိုးသား၏ ဝိညာဏ်ကိုလိုက်ရှာနေ၏၊ ရဟန်းတို့ ဝက္ကလိအမျိုးသားကား ဝိညာဏ်တည်မှု မရှိတော့ဘဲ ပရိနိဗ္ဗာန်ပြုလေပြီဟု (မိန့်တော် မူ၏)။

ပဉ္စမသုတ်။