သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၄—ဒုတိယ အညတရဘိက္ခုသုတ်

၃၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့လုံ့လ ပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏”ဟု လျှောက်၏။ ရဟန်းအကြင်တရားကို အာရုံပြု၍ အကိန်းတရား ကိန်းဝပ်၏၊ ထိုတရားသည် အကိန်းတရားနှင့် တကွပျက်စီး၏။ ထိုပျက်စီး သော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ အကြင်တရားကို အာရုံပြု၍ အကိန်းတရားသည် မကိန်းဝပ်၊ ထိုတရားသည် အကိန်းတရားနှင့် တကွ မပျက်စီး။ မပျက်စီးသော ထိုအကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ် ခြင်းသို့ မရောက်ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီ”ဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောထားသည့် တရား၏ အကျယ်ဖြစ်သော အနက်အဓိပ္ပာယ်ကို သင် အဘယ် သို့သိသနည်း။ အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုရုပ်သည်အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူတွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုအာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုရုပ်သည်အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ရုပ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ဝိညာဏ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ အသျှင်ဘုရား မြတ်စွာဘုရား အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သောအနက်ကို ဤသို့ သိပါ၏ဟု လျှောက်၏။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း ငါ အကျဉ်းဟောထားသော တရား၏ အကျယ်ဖြစ်သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုရုပ်သည် အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ရဟန်း ဝေဒနာကို။ သညာကို။ သင်္ခါရ့တို့ကို။ ရဟန်း ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုဝိညာဏ်သည်အကိန်းတရားနှင့် တကွ ပျက်စီး၏။ ထိုပျက်စီးသော အကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုရုပ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ရုပ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုဝိညာဏ်သည် အကိန်းတရားနှင့် တကွ မပျက်စီး။ ထိုမပျက်စီးသော ဝိညာဏ်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့မရောက်။ ရဟန်း ငါ အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်သင့်၏။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။