သံယုတ္တနိကာယ်—၂၂

(၁ဝ) ၅—ပုပ္ဖဝဂ်

၈—ဒုတိယ ဂဒ္ဒုလဗဒ္ဓသုတ်

၁ဝဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤသံသရာသည်ကား အစမရှိ၊ အဝိဇ္ဇာဟူသော အပိတ်အပင်,တဏှာဟူသော သံယောဇဉ်ရှိသည် ဖြစ်၍ ပြေးလွှားကျင်လည်နေကြရသော သတ္တဝါတို့၏ ရှေ့အစွန်းကားမထင်။ ရဟန်းတို့ ဥပမာသော်ကား တောက်ဖြင့် နှောင်ဖွဲ့၍ မြဲသော ငုတ်၌ ဖြစ်စေ၊ တိုင်၌ ဖြစ်စေ ကပ်ချည်ထားသော ခွေးသည် သွားသော်လည်း ထိုငုတ်ကိုဖြစ်စေ၊ ထိုတိုင်ကိုဖြစ်စေ ကပ်၍ သွားရ၏။ ရပ်သော်လည်း ထိုငုတ်ကို ဖြစ်စေ၊ ထိုတိုင်ကိုဖြစ်စေ ကပ်၍ ရပ်ရ၏။ ထိုင်သော်လည်း ထိုငုတ်ကိုဖြစ်စေ၊ ထိုတိုင်ကိုဖြစ်စေ ကပ်၍ ထိုင်ရ၏။ ဝပ်သော်လည်း ထိုငုတ်ကိုဖြစ်စေ၊ ထိုတိုင်ကိုဖြစ်စေ ကပ်၍ ဝပ်ရ၏။

ရဟန်းတို့ ဤအတူပင် အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည်ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ ထိုပုထုဇဉ်သည် သွားသော်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုကပ်၍ သွားရ၏၊ ရပ်သော်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို ကပ်၍ ရပ်ရ၏၊ ထိုင်သော်လည်း ဤဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို ကပ်၍ ထိုင်ရ၏၊ အိပ်သော်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို ကပ်၍ အိပ်ရ၏၊ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် “ ဤစိတ်ကို စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ တို့က ညစ် ညူးအောင် ပြုထားသည်မှာ အချိန်ကြာလှပြီ “ဟု မိမိစိတ်ကို မပြတ်ဆင်ခြင်ရမည်။ ရဟန်းတို့ ထိုစိတ် ညစ်ညူးခြင်းကြောင့် သတ္တဝါတို့ ညစ်ညူးကုန်၏၊ ထိုစိတ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ ဖြူစင်ကုန်၏။

ရဟန်းတို့ လက်စွမ်းပြ ပန်းချီကားကို သင်တို့ မြင်ဖူးကြ၏လော။ အသျှင်ဘုရား မြင်ဖူးပါ၏။

ရဟန်းတို့ ထိုလက်စွမ်းပြ ပန်းချီကားမည်သည်ကိုလည်း စိတ်ဖြင့်သာ ကြံစည်ထား၏၊ ရဟန်းတို့ ထိုလက်စွမ်းပြ ပန်းချီကားထက်လည်း စိတ်သည်သာ သာ၍ ဆန်းကြယ်၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် “ ဤစိတ်ကို စွဲမက်မှု အမျက်ထွက်မှု တွေဝေမှုတို့က ညစ်ညူးအောင် ပြုထားသည်မှာ အချိန်ကြာလှပြီ “ဟု မိမိစိတ်ကို မပြတ် ဆင်ခြင်ရမည်။ ရဟန်းတို့ စိတ်ညစ်ညူးခြင်းကြောင့် သတ္တဝါတို့ညစ်ညူး ကုန်၏၊ စိတ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ ဖြူစင်ကုန်၏။

ရဟန်းတို့ တိရ စ္ဆာန်သတ္တဝါတို့သည် ဆန်းကြယ်သကဲ့သို့ ဆန်းကြယ်သော အခြားသော အပေါင်း အစုတစ်ခုကိုမျှ ငါ မမြင်၊ ရဟန်းတို့ ထိုတိရ စ္ဆာန်သတ္တဝါတို့ကိုလည်း စိတ်ဖြင့်သာ ဆန်းကြယ်အောင်ပြုထား၏၊ ရဟန်းတို့ ထိုတိရ စ္ဆာန်သတ္တဝါတို့ထက်လည်း စိတ်သည်သာလျှင် သာ၍ ဆန်းကြယ်၏။ ထိုသို့ဖြစ်သောကြောင့် “ ဤစိတ်ကို စွဲမက်မှု အမျက်ထွက်မှု တွေဝေမှုတို့က ညစ်ညူးအောင် ပြုထားသည်မှာအချိန်ကြာလှပြီ”ဟု မိမိစိတ်ကို မပြတ် ဆင်ခြင်ရမည်။ ရဟန်းတို့ စိတ်ညစ်ညူးခြင်းကြောင့် သတ္တဝါတို့ညစ်ညူးကုန်၏၊ စိတ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ ဖြူစင်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ပန်းဆိုးသမားဖြစ်စေ၊ ပန်းချီသမားဖြစ်စေ ဆိုးရည်ဖြင့်သော်လည်း ကောင်း၊ ချိပ်ရေဖြင့်သော်လည်းကောင်း၊ နနွင်းရေဖြင့်သော်လည်းကောင်း၊ အညိုရောင်အဆင်းဖြင့်သော်လည်းကောင်း၊ ထန်းကျင့်ရောင်ဖြင့်သော်လည်းကောင်း ပြုပြင်ထားသော ပျဉ်ချပ်၌ ဖြစ်စေ၊ နံရံ၌ ဖြစ်စေ၊ ပုဆိုးကားချပ်၌ ဖြစ်စေ မိန်းမရုပ်ကိုသော်လည်းကောင်း၊ ယောကျာ်းရုပ်ကိုသော်လည်းကောင်းကိုယ်အင်္ဂါ အပြည့်အစုံ ရေးချယ်ရာ၏။ ရဟန်းတို့ ဤအတူပင် အကြားအမြင် မရှိသော ပုထုဇဉ်သည် ဖြစ်စေသည်ရှိသော်ရုပ်ကိုသာ ဖြစ်စေ၏။ ဝေဒနာကိုသာ။ပ။ သညာကိုသာ။ သင်္ခါရတို့ကိုသာ။ ဝိညာဏ်ကိုသာ ဖြစ်စေ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်။ပ။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။