သံယုတ္တနိကာယ်—၁

၄—သတုလ္လပကာယိကဝဂ်

၂—မစ္ဆရိသုတ်

၃၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သောနတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံ သို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသောနေရာ ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“ဝန်တိုမှု ‘မစ္ဆေရ’ကြောင့်လည်းကောင်း၊ မေ့လျော့မှု ‘ပမာဒ’ကြောင့်လည်းကောင်း ဤသို့သော အကြောင်းကြောင့် အလှူကို မပေးလှူ။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသည် ပေးလှူသင့်လှပေ၏”ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“ဝန်တိုမှု ‘မစ္ဆေရ’ ရှိသူသည် အကြင် (ဆင်းရဲငတ်ပြတ်မွဲတေမည့်) ဘေးမှ ကြောက် သည်ဖြစ်၍ မပေးလှူ၊ မပေးလှူသောကြောင့် ထို (ဆင်းရဲငတ်ပြတ်မွဲတေသည့်) ဘေး သည် ထိုသူမိုက်ကို တွေ့ထိ၏၊ ဝန်တိုမှု ရှိသူသည် အကြင်ဆာလောင်မွတ်သိပ်မှုမှ ကြောက်၏၊ ထိုမိမိကြောက်သော ဆာလောင်မွတ်သိပ်မှုသည် ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူမိုက်ကိုပင် တွေ့ထိ၏။

ထို့ကြောင့် ဝန်တိုမှု ‘မစ္ဆေရ’ကို ပယ်ဖျောက်လျက် (ဝန်တိုမှု) အညစ်အကြေးကို နှိမ်နင်းသည်ဖြစ်၍ အလှူကို ပေးလှူရာ၏။ (မှန်၏)၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“ခရီးသွားကုန်သော သူတို့သည် ခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှ (ရိက္ခာ) ၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးကုန်သကဲ့သို့ ထို့အတူ အကြင်သံသရာ ခရီးသွားတို့သည် သံသရာခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှသော ပေးလှူ ဖွယ်၌ ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ထိုသူတို့သည် သေသူတို့တွင် မသေသူတို့ မည်ကုန်၏၊ ဤသဘောတရားသည် ရှေးထုံးစဉ်လာ ဖြစ်၏။

အချို့သူတို့သည် အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံသူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူ ကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ်၌ ခွဲခြမ်းဝေဖန်၍ လှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အညီအမျှ နှိုင်းယှဉ်အပ်၏”ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“ပေးလှူနိုင်ခဲသည်ကို ပေးလှူသူတို့၏ ပေးလှူမှုမျိုးကိုလည်းကောင်း၊ ပြုလုပ် နိုင်ခဲသော ကောင်းမှုကံကို ပြုလုပ်သူတို့၏ ပြုလုပ်မှုမျိုးကိုလည်းကောင်း သူတော် မဟုတ် သူယုတ်တို့သည် အတုလိုက်၍ မပြုလုပ်နိုင်ကြကုန်။ (မှန်၏)၊ သူတော် ကောင်းတို့၏ တရားသည် အတုလိုက်ရန် ခဲယဉ်း၏။

ထို့ကြောင့် သူတော်ကောင်းတို့၏လည်းကောင်း၊ သူယုတ်မာတို့၏လည်းကောင်း ဤလူ့ပြည်မှ လားရာ (ဂတိ) သည် ကွဲပြား၏၊ သူတော်မဟုတ် သူယုတ်မာတို့သည် ငရဲသို့ ရောက်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ လားရကုန်၏”ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤစကားကို လျှောက်၏၊ သင် နတ်သား အားလုံးတို့၏ စကားသည် အကြောင်း (ပရိယာယ်) အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ စကား ကိုလည်း နာကြကုန်လော့—

အကြင်သူသည် သားမယားကိုလည်း လုပ်ကျွေးမွေးမြူ၍ အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်ကာ) ပေးလှူလျက် (ကုသိုလ်ကမ္မပထ) တရားကို ကျင့်၏၊ တံမြက်လှည်း ပစ္စည်းဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ)၁ ကိုလည်း ပြုကျင့်ပေးလှူ၏၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောကျာ်း တစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့ သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်ဟု (မိန့်တော်မူ၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏—

“မြတ်သည်၏ အဖြစ်သို့ ရောက်သော ပြန့်ပြောသော ဤပူဇော်မှု (အလှူ) သည် အဘယ့်ကြောင့် သင့်သောအားဖြင့် လှူအပ်သော အလှူ၏ တန်ဖိုးကို မမီသနည်း၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောကျာ်းတစ်သိန်းတို့၏ ဆယ် ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း အဘယ့်ကြောင့် မမီနိုင်ကုန်သနည်း”ဟု (လျှောက်၏)။

အချို့သော သူတို့သည် မသင့်သော ကံသုံးပါး၌ တည်ကုန်လျက် ထောင်းထု ပုတ်ခတ် သတ်ဖြတ်၍လည်းကောင်း၊ ပူဆွေးစေ၍လည်းကောင်း ပေးလှူကုန်၏။ ထို အလှူသည် မျက်ရည်ပြည့်သော မျက်နှာရှိသည်ဖြစ်၍ ဒဏ်နှင့် တကွဖြစ်သောကြောင့် သင့်သော အကြောင်းအားဖြင့် ပေးလှူအပ်သော အလှူ၏ တန်ဖိုးကို မမီနိုင်၊ ဤသို့ အသပြာတစ်ထောင်တန် ပူဇော်မှုရှိကုန်သည်ဖြစ်၍ ယောကျာ်းတစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ် တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်”ဟု (မိန့်တော်မူ၏)။

၁။ ကောက်နယ်တလင်းစသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏။ (အဋ္ဌကထာ)