မဇ္ဈိမနိကာယ်

၉— မဟာသာရောပမသုတ်

၃ဝ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည်ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏—

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုး ဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှား ဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် “ငါသည် လာဘ်သပ်ပကာ အကျော်အစောရှိသူဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား မထင်ရှားကုန်၊ တန်ခိုးအာနုဘော်နည်းကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက်ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကို လွန်၍သာလျှင်, အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင်အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့်ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည်ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် “ငါသည် လာဘ်သပ်ပကာ အကျော်အစော့ရှိသူဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား မထင်ရှားကုန်၊ တန်ခိုးအာနုဘော်နည်းကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာနေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏ အခက်အရွက်ကို ယူသူဟု ဆိုရ၏။ ထို (လာဘ်စသည်) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ် နေခြင်းသို့ ရောက်၏။

၃ဝ၈။ ရဟန်းတို့ ဤ သာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံ နေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့ သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလ နှင့်ပြည့်စုံခြင်းဖြင့် “ငါသည် အကျင့်သီလရှိသူ ကောင်းမြတ်သောတရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသောအခြား ရဟန်းတို့သည်ကား အကျင့်သီလမရှိသူ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏” ဟု မိမိကိုယ်ကိုမြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကို လွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကိုမျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “စင်စစ် ဤအသျှင်ယောကျာ်းသည်အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကို လွန်၍သာလျှင်,အခွံကို လွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့” ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခအတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ ့မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့်ပြည့်စုံခြင်းဖြင့် “ငါသည် အကျင့်သီလရှိသူ ကောင်းသောတရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးသောအခြားရဟန်းတို့သည်ကား အကျင့်သီလ မရှိကုန်၊ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏” ဟု မိမိကိုယ်ကိုမြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏အပွေးကို ယူ၏ဟု ဆိုရ၏။ ထို (အကျင့်သီလ) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ်နေခြင်းသို့ ရောက်၏။

၃ဝ၉။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေ ရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤ ကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။

ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် တည်ကြည်ခြင်းရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား တည်ကြည်ခြင်း မရှိကုန်၊ တုန်လှုပ်ပျံ့လွင့်သောစိတ် ရှိကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုနှိမ့်ချ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏။ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်အခွံကို ဖြတ် ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသောယောကျာ်း သည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင်အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော်အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကိုဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့်အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆို ရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ့ပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည်ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ ထိုရဟန်းသည် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သည်ရှိသော် အကျင့် သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့မရောက်၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုတည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် တည်ကြည်ခြင်းရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှ တစ်ပါးကုန်သော အခြားရဟန်းတို့သည်ကားတညြ်္ခကည်ခြင်း မရှိကုန်၊ တုန်လှုပ်ပျံ့လွင့်သောစိတ်ရှိကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုနှိမ့်ချ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏။ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို သာသနာတော်၏ အခွံကိုယူသူဟု ဆိုရ၏။ ထို (တည်ကြည်ခြင်းသမာဓိ) ဖြင့်လည်း ကိစ္စပြီးပြီဟု ကျေနပ်နေခြင်းသို့ ရောက်၏။

၃၁ဝ။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေ ရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့ သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည်ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့်စိတ်တိုင်းကျဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် တည်ကြည်ခြင်း သမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သည်ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကိုရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် “ငါသည် သိမြင်၍နေသူ ဖြစ်၏၊ ငါမှ တစ်ပါးသော အခြားရဟန်းတို့သည်ကားမသိမမြင်ဘဲ နေကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုဉာဏ့်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ ရောက်၏၊ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။

ရဟန်းတို့ ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင် အကာကိိုုဖြတ်ယူ၍ အနှစ်ဟုထင် မှတ်လျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေး ကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သောသစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင် အကာကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည်မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည်ထိုလာဘ် သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ ထိုရဟန်းသည် ထို လာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ။ မမေ့လျော့သည်ရှိသော် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည်ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ် ရှိ၏။ အကြံအစည်ကား ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်း သို့ မရောက်ပေ၊ မမေ့လျော့သော် တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည်ကား ပြည့်စုံခြင်းမရှိ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်ပေ၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည် ပြည့်စုံ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် “ငါသည် သိမြင်၍ နေ၏၊ (ငါမှတစ်ပါး တစ်ခြားကုန်သော ဤရဟန်းတို့သည်ကား) မသိမမြင်ဘဲ နေကုန်၏” ဟု မိမိကိုယ်ကိုမြှင့်တင်၏၊ သူတစ်ပါးကို နှိမ့်ချ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ရောက်၏၊ မေ့လျော့ သော် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤရဟန်းကို မြတ်သောအကျင့် ‘သာသနာတော်’၏ အကာကို ယူ၏ဟု ဆိုရ၏။ ထို (ဒိဗ္ဗစက္ခုဉာဏ်အမြင်) ဖြင့်လည်း ကိစ္စပြီးပြီဟုကျေနပ်နေခြင်းသို့ ရောက်၏။

၃၁၁။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤသို့ရဟန်းပြုပြီးသော် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် နှစ်သက်သောစိတ် မရှိ၊ အကြံအစည်ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အကျင့်သီလနှင့်ပြည့်စုံခြင်း ကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလ နှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ် ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့ သော် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့်မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင် ကို ရ၏။ ထိုရဟန်းသည်ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည်ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့်ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အချိန်မရွေး လွတ်မြောက်သည့် တရားကို ရ၏။ ရဟန်းတို့ ထိုရဟန်းသည် ထိုအချိန်မရွေး လွတ်မြောက်သည့်တရားမှ ဆုတ်ယုတ်ရာသောအကြောင်း အခွင့်သည် မရှိ။

ရဟန်းတို့ ဥပမာအားဖြင့် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွားရာ၏။ ထိုယောကျာ်းကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “စင်စစ်ဤအသျှင်ယောကျာ်းသည် အနှစ်ကို သိ၏၊ အကာကို သိ၏၊ အခွံကို သိ၏၊ အပွေးကို သိ၏၊ အခက်အရွက်ကို သိ၏၊ ထိုသို့သိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားသည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင်လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤသို့ ရဟန်းပြုပြီးသော် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ၏။ ထိုရဟန်းသည်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် နှစ်သက်သော စိတ်မရှိ၊ အကြံအစည်ပြည့်စုံခြင်း မရှိ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အကျင့်သီလ နှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည်ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည်ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့် တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည်ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူး မေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော့်တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည် ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် နှစ်သက်သောစိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည်တည်တံ့ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် နှစ်သက်သော စိတ်ရှိ၏။ အကြံအစည် ပြည့်စုံခြင်းကား မရှိ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မနှိမ့်ချ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် ယစ်မူးမေ့လျော့ခြင်းသို့ မရောက်၊ မမေ့လျော့သော် အချိန်မရွေး လွတ်မြောက်သည့် တရားကို ရ၏။ ရဟန်းတို့ ထိုရဟန်းသည် ထိုအချိန်မရွေး လွတ်မြောက်သည့်တရားမှဆုတ်ယုတ်ရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ဤသို့လျှင် ဤသာသနာတော်သည် လာဘ်သပ်ပကာ အကျော်အစောဟူသော အကျိုး ရှိမှုအတွက် မဟုတ်ပေ၊ အကျင့်သီလပြည့်စုံခြင်း ဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ တည်ကြည်ခြင်းသမာဓိဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဟူသော အကျိုးရှိမှုအတွက်မဟုတ်ပေ။ ရဟန်းတို့ အကြင်မပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် ရှိ၏၊ ဤသာသနာတော်သည် ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) အတွက်သာ ဖြစ်၏။ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အနှစ်အသားပေတည်း။ ဤမပျက်စီးနိုင်သောစိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အဆုံး (ပန်းတိုင်) ပေတည်းဟု ဤတရားကို မြတ်စွာဘုရားသည်ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ကိုးခုမြောက် မဟာသာရောပမသုတ်ပြီး၏။