မဇ္ဈိမနိကာယ်

၁ဝ — မဟာသတိပဋ္ဌာနသုတ်

၁ဝ၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ‘ရဟန်းတို့’ဟု ခေါ်တော်မူ၏။ ရဟန်းတို့သည်မြတ်စွာဘုရားအား ‘အသျှင်ဘုရား’ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည်ဤတရားကို ဟောတော်မူ၏။ သတိပဋ္ဌာန်လေးပါး အကျဉ်းချုပ်

၁ဝ၆။ ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုရကြွးခြင်းတို့ကိုလွန်မြောက်ရန်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

လေးပါးတို့သည် အဘယ်တို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိ၁ ရှိသည်ဖြစ်၍ လောက၂၌ အဘိဇ္ဈာ၃ ဒေါမနဿ၄ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သတိပဋ္ဌာန်လေးပါး အကျဉ်းချုပ်ပြီး၏။

ရုပ်အပေါင်းကို ရှုဆင်ခြင်ခြင်း တစ်ဆယ့်လေးပါး

(၁) ထွက်သက် ဝင်သက်လေကို ရှုဆင်ခြင်ခြင်းအပိုင်း

၁ဝ၇။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၅၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ရှိုက်လျှင်လည်း ‘ရှည်ရှည်ရှိုက်သည်’ဟု သိ၏၊ ရှည်ရှည်ရှူလျှင်လည်း ‘ရှည်ရှည်ရှူသည်’ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း ‘တိုတိုရှိုက်သည်’ဟု သိ၏၊ တိုတိုရှူလျှင်လည်း ‘တိုတိုရှူသည်’ဟု သိ၏။ (ထွက်သက်လေ၏) ‘အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်’ဟု ကျင့်၏။ (ဝင်သက်လေ၏) ‘အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်’ဟုကျင့်၏။ ‘ရုန့်ရင်းသော ထွက်သက်ကိုငြိမ်းစေလျက် ရှိုက်မည်’ဟု ကျင့်၏၊ ‘ရုန့်ရင်းသော ဝင်သက်ကိုငြိမ်းစေလျက် ရှူမည်’ဟု ကျင့်၏။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ပွတ်သမားသည်လည်းကောင်း ပွတ်သမား၏ တပည့်သည်လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း ‘ရှည်ရှည်ဆွဲငင်သည်’ဟု သိ၏၊ (ပွတ်ကြိုးကို) တိုတို ဆွဲငင်လျှင်လည်း ‘တိုတိုဆွဲငင်သည်’ဟု သိ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည်ရှည်ရှည်ရှိုက်လျှင်လည်း ‘ရှည်ရှည်ရှိုက်သည်’ဟု သိ၏၊ ရှည်ရှည်ရှူလျှင်လည်း ‘ရှည်ရှည်ရှူသည်’ဟုသိ၏။ တိုတိုရှိုက်လျှင်လည်း ‘တိုတိုရှိုက်သည်’ဟု သိ၏၊ တိုတိုရှူလျှင်လည်း ‘တိုတိုရှူသည်’ဟု သိ၏။

(ထွက် သက်လေ၏) ‘အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်’ဟုကျင့်၏။ (ဝင်သက်လေ၏) ‘အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျကရှူမည်’ဟု ကျင့်၏။ ‘ရုန့်ရင်းသော ထွက်သက်ကိုငြိမ်းစေလျက် ရှိုက်မည်’ဟု ကျင့်၏၊ ‘ရုန့်ရင်းသောဝင်သက်ကိုငြိမ်းစေလျက် ရှူမည်’ဟု ကျင့်၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် ‘ရုပ်အပေါင်းသည်သာလျှင် ရှိသည်’ဟု ထိုရဟန်းအားသတိသည် ရှေးရှု ထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့်သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်းရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထွက်သက် ဝင်သက်လေကို ရှုဆင်ခြင်ခြင်း အပိုင်းပြီး၏။

၂— ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း

၁ဝ၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း ‘သွားသည်’ဟု သိ၏၊ ရပ်လျှင်လည်း ‘ရပ်သည်’ဟု သိ၏၊ ထိုင်လျှင်လည်း ‘ထိုင်သည်’ဟု သိ၏၊ လျောင်းလျှင်လည်း ‘လျောင်းသည်’ဟု သိ၏၊ ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင် အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထို အမူအရာအားဖြင့် သိ၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် ‘ရုပ်အပေါင်းသည်သာလျှင် ရှိ၏’ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဣရိယာပုထ်ကို ဆင်ခြင်ခြင်း အပိုင်းပြီး၏။

၃— သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း

၁ဝ၉။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစ်စောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ သိလျက့်ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာလျက်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သတိသမ္ပဇဉ် ဆင်ခြင်ခြင်းအပိုင်းပြီး၏။

၄— စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း

၁၁ဝ။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏ — “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့+ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်+အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၆+ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ+မျက်ရည်၊ ဆီကြည်၊ တံထွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏” ဟု စူးစိုက်ဆင်ခြင်၏။

ရဟန်းတို့ ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါးအမျိုးမျိုးဖြင့် ပြည့်လျက် ရှိရာ၏၊ အဘယ်စပါးတို့နည်းဟူမူ— သလေးစပါး၊ ကောက်ကြီးစပါး၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်တို့ တည်း။ မျက်စိအမြင်ရှိသော ယောကျာ်းသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့ တည်း၊ ဤသည်တို့ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ကား ပဲနောက်တို့တည်း၊ ဤသည်တို့ ကားပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ကား ဆန်တို့တည်း” ဟု စူးစိုက်ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏ — “ဤရုပ်အပေါင်း၌ ဆံပင် အမွေး ခြေသည်း လက်သည်း သွားအရေ။ပ။ ကျင်ငယ် သည် ရှိ၏’ဟု (စူးစိုက်ဆင်ခြင်၏)။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း ဆင်ခြင်ခြင်းအပိုင်းပြီး၏။

၅— ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း

၁၁၁။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် “ဤရုပ်အပေါင်း၌ မြေဓာတ် ရေဓာတ် မီးဓာတ်လေဓာတ်သည် ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း နွားသတ်သမား၏တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွဆုံရာ၌ အစုအပုံအားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် “ဤရုပ်အပေါင်း၌ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်သည် ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်းပြီး၏။

၆— သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင် ဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသောသင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤ (ငါ၏) ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သောသဘောကို မလွန်ဆန်နိုင်” ဟု ဤရုပ်အပေါင်းကိုပင် နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ စွန်ရဲတို့ခဲစားအပ် သည်မူလည်းဖြစ်သော၊ လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ဘုံမတီးငှက်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ကျားတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ သစ်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သောသဘောရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သောသဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အသားအသွေးရှိသေးသော၊ အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးဆက်လျက်ရှိသေးသော၊ သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့။ပ။

အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့လျက်ရှိသော၊ အရိုးဆက်လျက်ရှိသေးသော၊ သင်းချိုင်း၌ စွန့်ပစ်အပ်သော သူသေကောင်ကို။ပ။

အသားအသွေး ကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးဆက်လျက် ရှိသေးသောသော၊ သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။

တစ်နေရာ၌ လက်ရိုး တစ်နေရာ၌ ခြေရိုး တစ်နေရာ၌ ခြေဖမျက်ရိုး တစ်နေရာ၌ မြင်းခေါင်းရိုးတစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌ နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ပခုံးရိုး တစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌ မေးရိုး တစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖြွဲ့ခင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌။ ကဲပြန့်နေကုန်သော သင်းချိုင်း၌ စွန့်ပစ်ထားသောအရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သောသဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု ဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့်အတူ ဖြူဖွေးနေကုန်သော သင်းချိုင်း၌စွန့်ပစ်အပ်ကုန်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့။ပ။ နှစ်လွန်လျက် စုပုံနေ သောသင်းချိုင်း၌ စွန့်ပစ်ထားအပ်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့။ပ။ ဆွေးမြည့်လျက်အမှုန့်ဖြစ်ကုန်သော သင်းချိုင်း၌ စွန့်ပစ်ထားကုန်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ထိုရဟန်းသည် “ဤ (ငါ၏) ရုပ်အပေါင်းသည်လည်း ဤသို့သောသဘောရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု ဤရုပ်အပေါင်းကိုသာလျင် နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းသဘောနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည်ရှေးရှုထင်၏၊ (ထိုသတိ သည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့်သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်းရဟန်းသည် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်းပြီး၏။

ရုပ်အပေါင်းကို ဆင်ခြင်ခြင်း တစ်ဆယ့်လေးပါးပြီး၏။

ဝေဒနာကို ဆင်ခြင်ခြင်းကိုးပါး

၁၁၃။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဝေဒနာ၇တို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုခဝေဒနာ၈ကို ခံစားလျှင်လည်း “သုခဝေဒနာကို ခံစားသည်” ဟု သိ၏။ ဒုက္ခဝေဒနာ၉ကို ခံစားလျှင်လည်း “ဒုက္ခဝေဒနာကို ခံစားသည်” ဟု သိ၏။ အဒုက္ခမသုခဝေဒနာ၁ဝ ကို ခံစားလျှင်လည်း “အဒုက္ခမသုခဝေဒနာကို ခံစားသည်” ဟုသိ၏။ ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သောချမ်းသာသော ဝေဒနာကို ခံစားသည်” ဟု သိ၏၊ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကိုခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ချမ်းသာ သောဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသောဝေဒနာကိုခံစားသည်” ဟု သိ၏၊ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသောဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောဝေဒနာကို ခံစားသည်” ဟု သိ၏၊ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောဝေဒနာကိုခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကိုခံစားသည်” ဟု သိ၏။

ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့်ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ဖြစ်ကြောင်းပျက်ကြောင်း တရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ ထို့ပြင် “ဝေဒနာ သည်သာလျှင်ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ ့ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲ လမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာကို ဆင်ခြင်ခြင်းကိုးပါး ပြီး၏။

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး

၁၁၄။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရာဂ၁၁ နှင့် တကွသော စိတ်ကိုလည်း ‘ရာဂနှင့်တကွသော စိတ်’ဟု သိ၏၊ ရာဂကင်းသော စိတ်ကိုလည်း ‘ရာဂကင်းသောစိတ်’ဟု သိ၏။ ဒေါသ၁၂နှင့် တကွသော စိတ်ကိုလည်း ‘ဒေါသနှင့်တကွသော စိတ်’ဟု သိ၏၊ ဒေါသကင်းသော စိတ်ကိုလည်း ‘ဒေါသကင်းသော စိတ်’ဟု သိ၏။ မောဟ၁၃ နှင့်တကွသော စိတ်ကိုလည်း ‘မောဟနှင့်တကွသောစိတ်’ဟု သိ၏၊ မောဟကင်းသော စိတ်ကိုလည်း ‘မောဟကင်းသောစိတ်’ဟု သိ၏။ သံခိတ္တ၁၄စိတ်ကိုလည်း ‘သံခိတ္တစိတ်’ဟု သိ၏။ ဝိက္ခိတ္တ၁၅ စိတ်ကိုလည်း ‘ဝိက္ခိတ္တစိတ်’ဟု သိ၏။ မဟဂ္ဂုတ်၁၆ စိတ်ကိုလည်း ‘မဟဂ္ဂုတ်စိတ်’ဟု သိ၏။ အမဟဂ္ဂုတ်၁၇ စိတ်ကိုလည်း ‘အမဟဂ္ဂုတ်စိတ်’ဟု သိ၏။ သဥတ္တရ၁၈ စိတ်ကိုလည်း ‘သဥတ္တရစိတ်’ဟု သိ၏။ အနုတ္တရ၁၉ စိတ်ကိုလည်း ‘အနုတ္တရစိတ်’ဟုသိ၏။ သမာဟိတ၂ဝ စိတ်ကိုလည်း ‘သမာဟိတစိတ်’ဟု သိ၏။ အသမာဟိတ၂၁ စိတ်ကိုလည်း ‘အသမာဟိတစိတ်’ဟု သိ၏။ ဝိမုတ္တ၂၂ စိတ်ကိုလည်း ‘ဝိမုတ္တစိတ်’ဟု သိ၏။ အဝိမုတ္တ၂၃ စိတ်ကိုလည်း ‘အဝိမုတ္တ စိတ်’ဟု သိ၏။

ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ စိတ်၌ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “စိတ်သည်သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်းရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါးပြီး၏။

သဘောတရားကို ဆင်ခြင်ခြင်းငါးပါး

နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၅။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နီဝရဏ၂၄ ငါးပါးသဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နီဝရဏငါးပါးသဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အတွင်းသန္တာန်၌့ကာမစ္ဆန္ဒ၂၅ ရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒရှိသည်” ဟု သိ၏၊ အတွင်းသန္တာန်၌ကာမစ္ဆန္ဒ မရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒမရှိ” ဟု သိ၏၊ မဖြစ်သေးသော ကာမစ္ဆန္ဒ၏ဖြစ် ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသောကာမစ္ဆန္ဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဗျာပါဒ၂၆ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒ ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ဗျာပါဒမရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ဗျာပါဒ မရှိ” ဟု သိ၏၊ မဖြစ်သေးသော ဗျာပါဒ၏ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဗျာပါဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသောဗျာပါဒ၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ထိနမိဒ္ဓ၂၇ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ထိနမိဒ္ဓမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ မရှိ” ဟု သိ၏၊ မဖြစ်သေးသော ထိနမိဒ္ဓ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ထိနမိဒ္ဓ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဥဒ္ဓစ္စ၂၈ ကုက္ကုစ္စ၂၉ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိ” ဟု သိ၏၊ မဖြစ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်းသိ၏၊ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဝိစိကိစ္ဆာ၃ဝ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ဝိစိကိစ္ဆာ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ မရှိ” ဟု သိ၏၊ မဖြစ်သေးသော ဝိစိကိစ္ဆာ၏ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝိစိကိစ္ဆာ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍နေ၏၊ မိမိသူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိ သည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏” ဟုထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် သဘောတရားတို့၌ သဘောတရားဟုအကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၆။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်ဥပါဒါနက္ခန္ဓာငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤကား ရုပ်တည်း၊ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ရာတည်း။ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား့ဝေဒနာ၏ ချုပ်ရာတည်း။ ဤကား သညာ၃၁တည်း၊ ဤကား သညာ၏ ဖြစ်ကြောင်းတည်း၊ ဤကားသညာ၏ ချုပ်ရာတည်း။ ဤသည်တို့ကား သင်္ခါရ၃၂တို့တည်း၊ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရတို့၏ ချုပ်ရာတည်း။ ဤကား ဝိညာဏ်၃၃တည်း၊ ဤကား ဝိညာဏ်၏ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်းဟု ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်းနေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည် သာလျှင်ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံ တစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်းမစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် သဘောတရားတို့၌ သဘောတရားဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၇။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတန၃၄ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကိုလည်း သိ၏၊ အဆင်းတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

နားကိုလည်း သိ၏၊ အသံတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

နှာခေါင်းကိုလည်း သိ၏၊ အနံ့တို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်းသိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

လျှာကိုလည်း သိ၏၊ အရသာတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

ကိုယ်ကိုလည်း သိ၏၊ အတွေ့အထိတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်းသိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

စိတ်ကိုလည်း သိ၏၊ သဘောတရားတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း့သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။

ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ မူလည်းနေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏” ဟုထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ဤသို့လည်း ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတန သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၈။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဗောဇ္ဈင်၃၅ ခုနစ်ပါး သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင်၃၆ ရှိလျှင်လည်း “ငါ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏သန္တာန် ၌ သတိ သမ္ဗောဇ္ဈင် မရှိ” ဟု သိ၏၊ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သတိ သမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၃၇ ရှိလျှင်လည်း “ငါ၏သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် မရှိ” ဟုသိ၏၊ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်၃၈ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏၊ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင်၃၉ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏၊ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်၄ဝ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိ” ဟုသိ၏၊ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်၄၁ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိ” ဟုသိ၏၊ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသောသမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်၄၂ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိ” ဟုသိ၏၊ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ မူလည်းနေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘော ကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ ထို့ပြင် ‘သဘောတရားတို့သည်သာလျှင် ရှိကုန်၏’ဟုထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ဤ သို့လည်း ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ် ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်းပြီး၏။

သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်း

၁၁၉။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အရိယသစ္စာလေးပါး သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဒုက္ခတည်း” ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခဖြစ်ကြောင်းတည်း” ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခချုပ်ရာတည်း” ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်း” ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊

ပဌမအခန်းပြီး၏။

ဒုက္ခအရိယသစ္စာ

၁၂ဝ။ ရဟန်းတို့ ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ ဇာတိ၄၃သည်လည်း ဒုက္ခတည်း၊ ဇရာ၄၄သည်လည်း ဒုက္ခတည်း၊ မရဏ၄၅သည်လည်း ဒုက္ခတည်း၊ သောက၄၆ ပရိဒေဝ၄၇ ဒုက္ခ၄၈ ဒေါမနဿ၄၉ ဥပါယာသ၅ဝတို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်း သည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။

၁၂၁။ ရဟန်းတို့ ဇာတိသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း ကိုယ်ထင်ရှားဖြစ်ခြင်းခန္ဓာတို့၏ထင်ရှား ဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇာတိဟူ၍ဆိုအပ်၏။

၁၂၂။ ရဟန်းတို့ ဇာရာသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ အိုခြင်းအိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇာရာဟူ၍ ဆိုအပ်၏။

၁၂၃။ ရဟန်းတို့ မရဏသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်းမှရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်းကွယ်လွန်ခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကိုပစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့ ဤ တရားသဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏။

၁၂၄။ ရဟန်းတို့ သောကသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သောအခြင်းအရာ စိုးရိမ်သည့် အဖြစ် အတွင်း၌ စိုးရိမ်ခြင်း အတွင်း၌ ပြင်းစွာစိုးရိမ်ခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို သောကဟူ၍ ခေါ်ဆိုအပ်၏။

၁၂၅။ ရဟန်းတို့ ပရိဒေဝသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း ပြင်းစွာငိုကြွေးခြင်း ငိုကြွေးသော အခြင်းအရာ ပြင်းစွာငိုကြွေးသောအခြင်းအရာ ငိုကြွေးသည်၏အဖြစ် ပြင်းစွာငိုကြွေး သည်၏အဖြစ်တည်း။ ရဟန်းတို့ ဤတရားသဘောကို ပရိဒေဝဟူ၍ ခေါ်ဆိုအပ်၏။

၁၂၆။ ရဟန်းတို့ ဒုက္ခသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ဖြစ်သောဆင်းရဲ ကိုယ်၌ဖြစ်သောမသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ မသာယာသော ခံစားခြင်းတည်း။ ရဟန်းတို့ဤတရား သဘောကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။

၁၂၇။ ရဟန်းတို့ ဒေါမနဿသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ဖြစ်သောဆင်းရဲ စိတ်၌ဖြစ် သောမသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သောဆင်းရဲ မသာယာသော ခံစားခြင်းတည်း။ ရဟန်းတို့ဤတရားသဘောကို ဒေါမနဿဟူ၍ ခေါ်ဆိုအပ်၏။

၁၂၈။ ရဟန်းတို့ ဥပါယာသသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်းပြင်းစွာပင်ပန်းခြင်း ပင်ပန်းသည်၏အဖြစ် ပြင်စွာပင်ပန်းသည်၏အဖြစ်တည်း။ ရဟန်းတို့ ဤတရားသဘောကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏။

၁၂၉။ ရဟန်းတို့ မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းဆင်းရဲသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိသဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွါးမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်းကိုလိုလားကုန်သောသူတို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (အာရုံ သတ္တဝါ)တို့နှင့်တကွ တွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို မချစ်မနှစ့်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းဆင်းရဲဟူ၍ ခေါ်ဆို အပ်၏။

၁၃ဝ။ ရဟန်းတို့ ချစ်နှစ်လိုဖွယ်တို့နှင့် ကွေကွင်းကွဲကွာရခြင်းဆင်းရဲသည် အဘယ်နည်း။ ဤ လောက၌လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ သဘောတရားတို့သော်လည်းကောင်း၊ အကျိုး အစီးအပွား ချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလားကုန်သောအမိ အဖ ညီ အစ်ကို နှမ အစ်မ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားခြင်းတို့သော်လည်းကောင်း၊ ထိုသူအားရှိကုန်၏၊ ထို (အာရုံ သတ္တဝါ)တို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော်ရခြင်း မရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ချစ်လိုဖွယ်တို့နှင့် ကွေကွင်းကွဲကွာရခြင်းဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။

၁၃၁။ ရဟန်းတို့ အလိုရှိသည်ကို မရခြင်းဆင်းရဲသည် အဘယ်နည်း။ ရဟန်းတို့ ဇာတိသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇာတိသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇာတိသည် ငါတို့ထံသို့ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ သို့တောင့် တသော်လည်း ဤ (ဇာတိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကိုမရခြင်းဆင်းရဲ မည်၏။ ရဟန်းတို့ ဇရာသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇရာသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သောတောင့်တခြင်းသည် ဖြစ်ပေါ်၏။ သို့တောင့်တသော်လည်း ဤ (ဇရာမလာခြင်း) ကို တောင့်တခြင်းဖြင့်မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်းဆင်းရဲ မည်၏။ ရဟန်းတို့ ဗျာဓိ၅၁ သဘောရှိကုန်သောသတ္တဝါတို့အား “ငါတို့ သည် ဗျာဓိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မလာမူကားကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ သို့တောင့်တသော်လည်းဤ (ဗျာဓိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ မရဏသဘော ရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် မရဏသဘောမရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သောတောင့်တခြင်းသည် ဖြစ်ပေါ်၏။ သို့တောင့်တသော်လည်း ဤ (မရဏမလာခြင်း) ကို တောင့်တခြင်းဖြင့်မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲ မည်၏။ ရဟန်းတို့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ သဘောရှိကုန်သော သတ္တဝါတို့ အား “ငါတို့သည် သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ သဘောမရှိကြကုန်မူ ကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဥပါယာသ သဘောတို့သည် ငါတို့ထံ မလာကုန်မူ ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည်ဖြစ်ပေါ်၏။ သို့တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်းဆင်းရဲမည်၏။

၁၃၂။ ရဟန်းတို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ၅၂ ဆင်းရဲတို့ဟူသည် အဘယ်တို့နည်း။ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူသည် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့ပေတည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဓာငါးပါး)တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ ဆင်းရဲတို့ဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့ ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။

ဒုက္ခသမုဒယအရိယသစ္စာ

၁၃၃။ ရဟန်းတို့ ဒုက္ခသမုဒယအရိယသစ္စာသည် အဘယ်နည်း။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာ၅၃သည် အဘယ်နည်း။ ကာမတဏှာ၅၄ ဘဝတဏှာ၅၅ ဝိဘဝတဏှာ၅၆တို့တည်း။

ရဟန်းတို့ ထိုတဏှာဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော် အဘယ်၌ တည်သ့နည်း။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် (ရှိ၏)၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ်အာရုံ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ်အာရုံ) ၌ တည်၏။

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမျက်စိ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤမျက်စိ၌ တည်၏၊ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌ လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်၌ တည်၏။

လောက၌ ရူပါရုံ၅၇တို့သည်။ပ။ လောက၌ သဒ္ဒါရုံ၅၈တို့သည်။ပ။ လောက၌ ဂန္ဓာရုံ၅၉တို့သည်။ပ။ လောက၌ ရသာရုံ၆ဝတို့သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံ၆၁တို့သည်။ပ။ လောက၌ တရားသဘောတို့သည်ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤတရားသဘောတို့၌ ဖြစ်၏၊ တည်သည်ရှိသော် ဤတရားသဘောတို့၌ တည်၏။

လောက၌ စက္ခုဝိညာဏ်၆၂သည်။ပ။ လောက၌ သောတဝိညာဏ်၆၃သည်။ပ။ လောက၌ဃာနဝိညာဏ်၆၄သည်။ပ။ လောက၌ ဇိဝှါဝိညာဏ်၆၅သည်။ပ။ လောက၌ ကာယဝိညာဏ်၆၆သည်။ပ။ လောက၌ မနောဝိညာဏ်၆၇သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနော ဝိညာဏ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏။

လောက၌ စက္ခုသမ္ဖဿ၆၈သည်။ပ။ လောက၌ သောတသမ္ဖဿ၆၉ သည်။ပ။ လောက၌ဃာနသမ္ဖဿ၇ဝသည်။ပ။ လောက၌ ဇိဝှါသမ္ဖဿ၇၁သည်။ပ။ လောက၌ ကာယသမ္ဖဿ၇၂သည်။ပ။ လောက၌ မနောသမ္ဖဿ၇၃သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏။

လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ၇၄သည်။ပ။ လောက၌ သောတသမ္ဖဿဇာဝေဒနာ၇၅သည်။ပ။ လောက၌ ဃာနသမ္ဖဿဇာဝေဒနာ၇၆သည်။ပ။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာ၇၇သည်။ပ။ လောက၌ကာယသမ္ဖဿဇာ ဝေဒနာ၇၈သည်။ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာ၇၉သည် ချစ်ခင်ဖွယ်သာယာဖွယ် သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ တည်၏။

လောက၌ ရှုပသညာ၈ဝသည်။ပ။ လောက၌ သဒ္ဒသညာ၈၁သည်။ပ။ လောက၌ ဂန္ဓသညာ၈၂သည်။ပ။ လောက၌ ရသသညာ၈၃သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာ၈၄သည်။ပ။ လောက၌ဓမ္မသညာ၈၅သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော်ဤဓမ္မသညာ ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏။

လောက၌ ရှုပသေဉ္စတနာ၈၆သည်။ပ။ လောက၌ သဒ္ဒသေဉ္စတနာ၈၇သည်။ပ။ လောက၌ဂန္ဓသေဉ္စတနာ၈၈သည်။ပ။ လောက၌ ရသသေဉ္စတနာ၈၉သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာ၉ဝသည်။ပ။ လောက၌ ဓမ္မသေဉ္စတနာ၉၁သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤ ဓမ္မသေဉ္စတနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ တည်၏။

လောက၌ ရူပတဏှာ၉၂သည်။ပ။ လောက၌ သဒ္ဒတဏှာ သည်။ပ။ လောက၌ ဂန္ဓတဏှာ သည်။ပ။ လောက၌ ရသတဏှာသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ပ။ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မတဏှာ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤဓမ္မတဏှာ၌ တည်၏။

လောက၌ ရူပဝိတက်၉၃သည်။ပ။ လောက၌ သဒ္ဒဝိတက်သည်။ပ။ လောက၌ ဂန္ဓဝိတက်သည်။ပ။ လောက၌ ရသဝိတက်သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ပ။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ့်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတပ်မက်ခြင်းတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မဝိတက်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏။

လောက၌ ရူပဝိစာရ၉၄သည်။ပ။ လောက၌ သဒ္ဒဝိစာရသည်။ပ။ လောက၌ ဂန္ဓဝိစာရသည်။ပ။ လောက၌ ရသဝိစာရသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤဓမ္မဝိစာရ၌ တည်၏။

ရဟန်းတို့ ဤတရားသဘောကို အရိယာတို့သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ၉၅ဟူ၍ ဆိုအပ်၏။

ဒုက္ခနိရောဓအရိယသစ္စာ

၁၃၄။ ရဟန်းတို့ ဒုက္ခနိရောဓအရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိကင်းပြတ် ချုပ်ငြိမ်းရာ တဏှာကိုစွန့်ရာ တဏှာကိုဝေးစွာစွန့်ရာ တဏှာမှလွတ်မြောက်ရာ တဏှာဖြင့်မကပ်ငြိရာ (နိဗ္ဗာန်) တည်း။

ရဟန်းတို့ ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း။ ချုပ်သည်ရှိသော် အဘယ်၌ချုပ်သနည်း။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် (ရှိ၏)၊ ထို တဏှာ ကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ်သဘော၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤ ချစ်ခင်ဖွယ် သာယာဖွယ်သဘော၌ ချုပ်၏။

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏၊ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည် ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။

လောက၌ ရူပါရုံတို့သည်။ပ။ လောက၌ သဒ္ဒါရုံတို့သည်။ပ။ လောက၌ ဂန္ဓာရုံတို့သည်။ပ။ လောက ၌ရသာရုံတို့သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံတို့သည်။ပ။ လောက၌ တရားသဘောတို့သည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤတရားသဘောတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤတရားသဘောတို့၌ ချုပ်၏။

လောက၌ စက္ခုဝိညာဏ်သည်။ပ။ လောက၌ သောတဝိညာဏ်သည်။ပ။ လောက၌ ဃာနဝိညာဏ်သည်။ပ။ လောက၌ ဇိဝှါဝိညာဏ်သည်။ပ။ လောက၌ ကာယဝိညာဏ်သည်။ပ။ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။

လောက၌ စက္ခုသမ္ဖဿသည်။ပ။ လောက၌ သောတသမ္ဖဿသည်။ပ။ လောက၌ ဃာနသမ္ဖဿသည်။ပ။ လောက၌ ဇိဝှါသမ္ဖဿသည်။ပ။ လောက၌ ကာယသမ္ဖဿသည်။ပ။ လောက၌ မနောသမ္ဖဿသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤ (မနောသမ္ဖဿ) ၌ ချုပ်၏။

လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်။ပ။ လောက၌ သောတသမ္ဖဿဇာဝေဒနာသည်။ပ။ လောက၌ဃာနသမ္ဖဿဇာဝေဒနာသည်။ပ။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာသည်။ပ။ လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်။ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကိ်ု ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿ ဇာဝေဒနာ၌ ချုပ်၏။

လောက၌ ရူပသညာသည်။ပ။ လောက၌ သဒ္ဒသညာသည်။ပ။ လောက၌ ဂန္ဓသညာသည်။ပ။ လောက၌့ရသသညာသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာသည်။ပ။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကိ်ု ပယ်အပ်သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသညာ၌ ချုပ်၏။

လောက၌ ရူပသေဉ္စတနာသည်။ပ။ လောက၌ သဒ္ဒသေဉ္စတနာသည်။ပ။ လောက၌ ဂန္ဓသေဉ္စတနာသည်။ပ။ လောက၌ ရသသေဉ္စတနာသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာသည်။ပ။ လောက၌ ဓမ္မသေဉ္စတနာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ချုပ်၏။

လောက၌ ရူပတဏှာသည်။ပ။ လောက၌ သဒ္ဒတဏှာ သည်။ပ။ လောက၌ ဂန္ဓတဏှာ သည်။ပ။ လောက၌ ရသတဏှာသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ပ။ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မ တဏှာ၌ ချုပ်၏။

လောက၌ ရူပဝိတက်သည်။ပ။ လောက၌ သဒ္ဒဝိတက်သည်။ပ။ လောက၌ ဂန္ဓဝိတက်သည်။ပ။ လောက၌ရသဝိတက်သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ပ။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာကိ်ု ပယ်အပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။

လောက၌ ရူပဝိစာရသည်။ပ။ လောက၌ သဒ္ဒဝိစာရသည်။ပ။ လောက၌ ဂန္ဓဝိစာရသည်။ပ။ လောက၌ရသဝိစာရသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏၊ ချုပ်သည် ရှိသော်ဤဓမ္မဝိစာရ၌ ချုပ်၏။

ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ၉၆ ဟူ၍ ဆိုအပ်၏။

ဒုက္ခနိရောဓဂါမိနီ ပဋိပဒါအရိယသစ္စာ

၁၃၅။ ရဟန်းတို့ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ၉၇သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့် လမ်းတည်း။ ဤမဂ်အကျင့်လမ်းတို့သည် အဘယ်တို့နည်း၊ သမ္မာဒိဋ္ဌိ၉၈သမ္မာသင်္ကပ္ပ၉၉ သမ္မာဝါစာ၁ဝဝ သမ္မာကမ္မန္တ၁ဝ၁ သမ္မာအာဇီဝ၁ဝ၂ သမ္မာဝါယာမ၁ဝ၃ သမ္မာသတိ၁ဝ၄သမ္မာသမာဓိ၁ဝ၅တို့ပေတည်း။

ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။

ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်) ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤ (သိမြင်ခြင်း) ကို မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။

(ကာမအာရုံမှ) လွတ်ကင်းသောကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသောကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသောကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြံစည်ခြင်း) ကို မှန်စွာကြံခြင်း ‘သမ္မာင်္ကပ္ပ’ဟု ဆိုအပ်၏။

ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။

မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသောစကားမှကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြဉ်ရှောင်ခြင်း) ကိုမှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။

အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြဉ်ရှောင်ခြင်း) ကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားသော အသက်မွေးခြင်းကို ပယ်စွန့်၍မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤ (အသက်မွေးခြင်း) ကို မှန်စွာ အသက် မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ ကိုမဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသောကုသိုလ် တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများမှုပြည့်စုံ စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ဤ (အားထုတ်ခြင်း) ကို မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ် ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ ဤ (အောက်မေ့ခြင်းသတိ) ကို မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့် တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ သမာဓိကို ဖြစ်ပွားစေတတ်သော၊ ဝိတက်လည်းမရှိသော၊ ဝိစာရလည်းမရှိသော၊ သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသောဒုတိယဈာန်သို့ ရောက်၍ နေ၏။

ပီတိ၏လည်း ကင်းခြင်းကြောင့် လျစ်လျူရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏၊ သုခကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏့ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာကင်းသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဟူ၍ ဆိုအပ်၏။

၁၃၆။ ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှါသာဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန်တိုးပွားခြင်းငှါသာဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ်ရာကိုမျှလည်း (ငါ,ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သစ္စာပိုင်းပြီး၏။

သဘောတရားကို ဆင်ခြင်ခြင်းပြီး၏။

၁၃၇။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်နှစ်တို့ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွါးငြားအံ့၊ ထိုပွါးသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။

ရဟန်းတို့ ခုနစ်နှစ်ကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခြောက်နှစ်တို့ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့။ပ။ ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်ပတ်လုံး။

ရဟန်းတို့ တစ်နှစ်ကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခုနစ်လတို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့၊ ထိုပွါးသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင်အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။

ရဟန်းတို့ ခုနစ်လကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခြောက်လတို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့။ပ။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လပတ်လုံး။ လခွဲပတ်လုံး။

ရဟန်းတို့ လခွဲကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခုနစ်ရက်ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွါးငြားအံ့၊ ထိုပွါးသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင်အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။

၁၃၈။ “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်း့တို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်၊ တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း” ဟု ဤသို့ အကြင်သတိပဋ္ဌာန်တရားကြေငြာချက်ကို ငါဆိုခဲ့၏၊ ဤကြေညာချက်ကိုဤ (အကျိုးနှစ်ပါးတို့တွင် တစ်ပါးပါး အမှန်ရရှိနိုင်ခြင်း) ကို ရည်ရွယ်၍ ဆို၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကိုနှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ဆယ်ခုမြောက် မဟာသတိပဋ္ဌာနသုတ်ပြီး၏။

ရှေးဦးစွာသော မူလပရိယာယဝဂ်ပြီး၏။

မူလပရိယာယဝဂ်၏ သုတ်အကျဉ်းချုပ်

မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ ဓမ္မဒါယာဒသုတ်၊ ဘယဘေရဝသုတ်၊ အနင်္ဂဏ သုတ်၊ အာကင်္ခေယျသုတ်၊ ဝတ္ထသုတ်၊ သလ္လေခသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ သတိပဋ္ဌာန သုတ်၊ ဤသို့ သုတ်တို့သည် ဆယ်သုတ်တို့တည်း။

အတုမဲ့သော မြတ်သော မူလ ပရိယာယဝဂ်ပြီး၏။

၁။ အောက်မေ့ခြင်း။

၂။ ဥပါဒါနက္ခန္ဓာ လောကကို ဆိုလိုသည်။

၃။ လိုချင်တပ်မက်ခြင်း။

၄။ နှလုံးမသာခြင်း။

၅။ ဝမ်းဗိုက်ကို ရှိုက်၍ လွှတ်ရသည်ကို ရည်၍ ထွက်လေလွှတ်သည်ကို ရှိုက်သည်ဟု ဝေါဟာရပြုသည်။

၆။ ဤပါဠိတော်၌ မပါ။ ခုဒ္ဒကပါဌပါဠိတော် (ဆဋ္ဌ) နံပါတ် (၂) ဒွတ္တိံသာကာရနှင့် သုတ္တနိပါတ်ပါဠိတော် ဧကာဒသမ ဝိဇယသုတ် (ဆဋ္ဌ) နံပါတ် (၃ဝ၈)တို့၌ပါသည်။

၇။ ခံစားခြင်း။

၈။ ချမ်းသာသောခံစားခြင်း။

၉။ ဆင်းရဲသောခံစားခြင်း။

၁ဝ။ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားခြင်း။

၁၁။ တပ်မက်ခြင်း။

၁၂။ အမျက်ထွက်ခြင်း

၁၃။ တွေဝေခြင်း။

၁၄။ ကျုံ့သောစိတ်။

၁၅။ ပျံ့သောစိတ်။

၁၆။ ရူပအရူပစိတ်။

၁၇။ ကာမာဝစရစိတ်။

၁၈။ ကာမာဝစရစိတ်။

၁၉။ ရူပအရူပစိတ်။

၂ဝ။ အပ္ပနာသမာဓိ ဥပစာရသမာဓိရှိသော တည်ကြည်သောစိတ်။

၂၁။ သမာဓိနှစ်ပါးကင်းသော မတည်ကြည်သောစိတ်။

၂၂။ လွတ်မြောက်သောစိတ်။

၂၃။ မလွတ်မြောက်သောစိတ်။

၂၄။ အပိတ်အပင်တရား

၂၅။ ကာမဂုဏ်အလို

၂၆။ သူတစ်ပါးပျက်စီးစေလိုခြင်းသဘော

၂၇။ လေးလံထိုင်းမှိုင်းခြင်း

၂၈။ ပျံ့လွင့်ခြင်း

၂၉။ နောင်တ တစ်ဖန်ပူပန်ခြင်း

၃ဝ။ မဝေခွဲနိုင်ခြင်း

၃၁။ မှတ်သိခြင်း

၃၂။ ပြုပြင်စီရင်မှု အားထုတ်မှု

၃၃။ အထူးသိမှု

၃၄။ ဖြစ်ရာအကြောင်း

၃၅။ သစ္စာတို့ကိုသိကြောင်း

၃၆။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော အောက်မေ့ခြင်း။

၃၇။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း။

၃၈။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော အားထုတ်ခြင်း။

၃၉။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း။

၄ဝ။ မဂ်ဥာဏ်၏ အကြောင်းဖြစ်သော ကိုယ်စိတ်၏ငြိမ်းချမ်းခြင်း။

၄၁။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော တည်ကြည်ခြင်း။

၄၂။ မဂ်ဥာဏ်၏အကြောင်းဖြစ်သော အညီအမျှရှုခြင်း။

၄၃။ ပဋိသန္ဓေတည်နေခြင်း။

၄၄။ အိုခြင်း။

၄၅။ သေခြင်း။

၄၆။ စိုးရိမ်ပူပန်ခြင်း။

၄၇။ ငိုကြွေးခြင်း။

၄၈။ ကိုယ်ဆင်းရဲခြင်း။

၄၉။ စိတ်ဆင်းရဲခြင်း။

၅ဝ။ ပြင်းစွာပူပန်ခြင်း။

၅၁။ နာခြင်း။

၅၂။ (တဏှာ ဒိဋ္ဌိဟူသော) ပါဒါန်၏ အာရုံတရားစု။

၅၃။ တပ်မက်ခြင်း။

၅၄။ ကာမဘုံ၌ တပ်မက်ခြင်း။

၅၅။ ရူပအရူပဘုံတို့၌ တပ်မက်ခြင်း။

၅၆။ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း။

၅၇။ အဆင်း။

၅၈။ အသံ။

၅၉။ အနံ့။

၆ဝ။ အရသာ။

၆၁။ အတွေ့အထိ။

၆၂။ မျက်စိ၌မှီသောစိတ်။

၆၃။ နား၌မှီသောစိတ်။

၆၄။ နှာခေါင်း၌မှီသောစိတ်။

၆၅။ လျှာ၌မှီသောစိတ်။

၆၆။ ကိုယ်၌မှီသောစိတ်။

၆၇။ မနော၌မှီသောစိတ်။

၆၈။ မျက်စိအတွေ့။

၆၉။ နားအတွေ့။

၇ဝ။ နှာခေါင်းအတွေ့။

၇၁။ လျှာအတွေ့။

၇၂။ ကိုယ်အတွေ့။

၇၃။ မနောအတွေ့။

၇၄။ မျက်စိအတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၇၅။ နားအတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၇၆။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၇၇။ လျှာအတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၇၈။ ကိုယ်အတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၇၉။ မနောအတွေ့ကြောင့်ဖြစ်သောခံစားခြင်း။

၈ဝ။ ရှုပါရုံ၌ မှတ်သားခြင်း။

၈၁။ သဒ္ဒါရုံ၌ မှတ်သားခြင်း။

၈၂။ ဂန္ဓာရုံ၌ မှတ်သားခြင်း။

၈၃။ ရသာရုံ၌ မှတ်သားခြင်း။

၈၄။ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း။

၈၅။ ဓမ္မာရုံ၌ မှတ်သားခြင်း။

၈၆။ ရူပါရုံ၌ စေ့ဆော်ခြင်း။

၈၇။ သဒ္ဒါရုံ၌ စေ့ဆော်ခြင်း။

၈၈။ ဂန္ဓာရုံ၌ စေ့ဆော်ခြင်း။

၈၉။ ရသာရုံ၌ စေ့ဆော်ခြင်း။

၉ဝ။ ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း။

၉၁။ ဓမ္မာရုံ၌ စေ့ဆော်ခြင်း။

၉၂။ ရူပါရုံ၌ တပ်မက်ခြင်း။

၉၃။ ရူပါရုံ၌ကြံစည်ခြင်း။

၉၄။ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း။

၉၅။ ဆင်းရဲဖြစ်ကြောင်းအရိယာတို့သိအပ်သော အမှန်တရား။

၉၆။ ဒုက္ခ၏ချုပ်ရာ အရိယာတို့သိအပ်သော အမှန်တရား။

၉၇။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသော အရိယာတို့သိအပ်သော အမှန်တရား။

၉၈။ မှန်စွာသိမြင်ခြင်း။

၉၉။ မှန်စွာကြံခြင်း။

၁ဝဝ။ မှန်စွာပြောဆိုခြင်း။

၁ဝ၁။ မှန်စွာပြုလုပ်ခြင်း။

၁ဝ၂။ မှန်စွာအသက်မွေးခြင်း။

၁ဝ၃။ မှန်စွာအားထုတ်ခြင်း။

၁ဝ၄။ မှန်စွာအောက်မေ့ခြင်း။

၁ဝ၅။ မှန်စွာတည်ကြည်ခြင်း။