အင်္ဂုတ္တရနိကာယ်

၄-မဟာဝဂ်

၄-ဂါဝီဥပမာသုတ်

၃၅။ ရဟန်းတို့ ဥပမာသော်ကား မိုက်မဲသော မကျွမ်းကျင်သော စားကျက်ကို မသိသော မညီညွတ်သော တောင်၌ လှည့်လည်ခြင်းငှါ မလိမ္မာသော တောင်၌ ကျက်စားသော နွားမသည် ရှိ၏။ ထိုနွားမအား “ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ မစားဖူးသေးသော မြက်တို့ကို လည်း စားရမူ မသောက်ဖူးသေးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်ရာ၏။ ထိုနွားမသည် ရှေ့ခြေကို ကောင်းစွာ ထောက်တည်နိုင်အောင် မထားဘဲ နောက်ခြေကို ကြွ ရာ၏၊ ထိုနွားမသည် မရောက်ဖူးသေးသော အရပ်သို့လည်း မရောက်နိုင်ရာ၊ မစားဖူးသေးသော မြက်တို့ကိုလည်း မစားရရာ၊ မသောက်ဖူးသေးသော ရေတို့ကိုလည်း မသောက်ရရာ၊ “ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ မစားဖူးသေးသော မြက်တို့ကိုလည်း စားရမူ မသောက်ဖူးသေးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွ”ဟု ကြံစည်ခဲ့ရာ ဖြစ်သော နေရင်း အရပ်သို့လည်း ချမ်းသာစွာ ပြန်မရောက်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုနွားမသည် မိုက်မဲ၍ မကျွမ်းကျင်ဘဲ စားကျက်ကို မသိဘဲ မညီညွတ်သော တောင်၌ လှည့်လည်ခြင်းငှါ့မလိမ္မာဘဲလျက် တောင်၌ ကျက်စားသောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ မိုက်မဲသော မကျွမ်းကျင်သော စားကျက်ကို မသိသော မလိမ္မာသော ရဟန်းသည် ကာမတို့မှ ကင်းဆိတ် ၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန် သို့ ရောက်လျက် နေ၏။ ထိုရဟန်းသည် ထို(ဈာန်)နိမိတ်ကို အထပ်ထပ် မမှီဝဲ မပွါးများ ကြိမ်ဖန်များစွာ မပြုကောင်းစွာ တည်တံ့အောင် မဆောက်တည်။ ထိုရဟန်းအား “ငါသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော စိတ်တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်မှု ‘ဝိတက်’ မရှိသော သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေရန် မစွမ်းနိုင်။ ထိုရဟန်းအား “ငါသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်း သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေရန် မစွမ်းနိုင်။ ရဟန်းတို့ မိုက်မဲသော မကျွမ်းကျင်သော စားကျက်ကို မသိသော မညီညွတ်သော တောင်၌ လှည့်လည်ခြင်းငှါ မလိမ္မာသော တောင်၌ ကျက်စားသော ထိုနွားမကဲ့သို့ ဤရဟန်းကို နှစ်ပါးစုံမှ လျောကျ ပျက်စီးသူ နှစ်ပါးစုံမှ ယုတ်လျော့သူဟု ဆိုအပ်၏။ ရဟန်းတို့ ဥပမာသော်ကား ပညာရှိသော ကျွမ်းကျင်သော စားကျက်ကိုသိသော မညီညွတ်သော တောင်၌ လှည့်လည်ခြင်းငှါ လိမ္မာသော တောင်၌ ကျက်စားသော နွားမသည် ရှိ၏။ ထိုနွားမအား “ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ မစားဖူးသေးသော မြက်တို့ကိုလည်း စားရမူ မသောက်ဖူးသေးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်ရာ၏။ ထိုနွားမသည် ရှေ့ခြေကို ကောင်းစွာ ထောက်တည်နိုင်လောက်အောင် ထားလျက် နောက်ခြေကို ကြွရာ၏၊ ထိုနွားမသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်နိုင်ရာ၏၊ မစားဖူးသေးသော မြက်တို့ကို လည်း စားရရာ၏၊ မသောက်ဖူးသေးသော ရေတို့ကိုလည်း သောက်ရရာ၏၊ “ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ မစားဖူးသေးသော မြက်တို့ကိုလည်း စားရမူ မသောက်ဖူးသေးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွ”ဟု ကြံစည်ခဲ့ရာ ဖြစ်သော နေရင်းအရပ်သို့လည်း ချမ်းသာစွာ ပြန်ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ နွားမသည် ပညာရှိသည် ကျွမ်းကျင်သည် စားကျက်ကို သိသည် မညီညွတ်သော တောင်၌ လှည့်လည်ခြင်းငှါ လိမ္မာသည် ဖြစ်၍ တောင်၌ ကျက်စားသောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ပညာရှိသော ကျွမ်းကျင်သော စားကျက်ကို သိသော လိမ္မာသော ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို(ဈာန်)နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား “ငါသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော စိတ်၏တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ကပ်ရောက်၍ နေရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်းသည် ဒုတိယဈာန်ကို မထိပါးစေဘဲ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ထို (ဒုတိယဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား ငါသည် “နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေရပါမူ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာမှု ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစားရပါမူ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို ‘လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ’ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် တတိယဈာန်ကို မထိပါးစေဘဲ နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း တပ်မက်မှု ကင်းခြင်းကြောင့် တတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို (တတိယဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက် တည်၏။ ထိုရဟန်းအား “ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းမြောက်မှု နှလုံးမသာယာမှုတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် စတုတ္ထဈာန်ကို မထိပါးစေဘဲ ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်း ကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို (စတုတ္ထဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန် များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား “ငါသည် (ကသိုဏ်း) ရုပ်၌ ဖြစ်သော မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝ လွန်မြောက်ခြင်းကြောင့် ထိပါးမှု၌ မှတ်သားမှု ‘ပဋိဃသညာ’တို့၏ ချုပ်ပျောက်ခြင်းကြောင့် အထူးထူး မှတ်သားမှု ‘နာနာတ္တ သညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံးမရှိ’ဟု ပွါးများ၍ အာကာသာနဉ္စာယတနဈာန်သို့ ရောက်လျက်နေရပါမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်း သည် ထိုအာကာသာနဉ္စာယတနဈာန်ကို မထိပါးစေဘဲ ရုပ်၌မှတ်သားမှု ‘ရူပသညာ’တို့ကို လုံးဝ လွန်မြောက်ခြင်းကြောင့်။ပ။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်လျက် နေ၏။ ထိုရဟန်းသည် ထို (အာကာသာနဉ္စာယတနဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန် များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား “ငါသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံး မရှိ’ဟု ပွါးများလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို မထိပါးစေဘဲ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ’ဟု ပွါးများလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို (ဝိညာဏဉ္စာယတနဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန် များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား “ငါသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘တစ်စုံတစ်ခုမျှ မရှိ’ဟု ပွါးများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်း သည် အာကိဉ္စညာယတနဈာန်ကို မထိပါးစေဘဲ ဝိညာဏဉ္စာယတနဈာန်ကိိုု လုံးဝလွန်မြောက်၍ ‘တစ်စုံ တစ်ခုမျှမရှိ’ဟု ပွါးများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို(အာကိဉ္စညာယတနဈာန်) နိမိတ်ကို အထပ်ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။

ထိုရဟန်းအား “ငါသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် နေဝသညာနာသညာ ယတနဈာန်သို့ ရောက်၍ နေရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် နေဝသညာနာသညာ ယတနဈာန်ကို မထိပါးစေဘဲ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်လျက် နေဝသညာနာသညာ ယတနဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ထို (နေဝသညာနာသညာယတနဈာန်) နိမိတ်ကို အထပ် ထပ် မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန် များစွာ ပြု၏၊ ကောင်းစွာ တည်တံ့နိုင်လောက်အောင် ဆောက်တည်၏။ ထိုရဟန်းအား “ငါသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်လျက်နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုရဟန်းသည် သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို မထိပါးစေဘဲ နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုထို ဈာန်ကိုသာလျှင် ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ ထိုရဟန်း၏ စိတ်သည် နူးညံ့၏၊ ပျော့ပျောင်း၏၊ နူးညံ့ပျော့ပျောင်းသော စိတ်ဖြင့် အတိုင်းအရှည် ပမာဏမရှိသော သမာဓိသည် ပွားစေအပ်ပြီးဖြစ်၏။ ထိုရဟန်းသည် အတိုင်းအရှည်ပမာဏမရှိသော ကောင်းစွာ ပွါးအပ်ပြီးသော သမာဓိဖြင့် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက် ပြုသင့်သောတရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏။ (ရှေးအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံဈာန်ဟူသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည်၏ အဖြစ် (အဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် “တစ်ပါးမက (များစွာ) သော တန်ခိုး ဖန်ဆင်းမှုကို ပြီးစေလို၏၊ တစ်ပါးတည်း ဖြစ်လျက် များစွာ ဖြစ်လို၏၊ များစွာ ဖြစ်လျက်လည်း တစ်ပါးတည်း ဖြစ်လို၏။ပ။ ဗြဟ္မာ့ပြည်တိုင် အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်းဖြစ်စေလို၏”ဟု အကယ်၍ အလိုရှိပါမူ (ရှေးအကြောင်းနှင့် ယခုဘဝ ဣဒ္ဓိဝိဓအဘိညာဉ်၏အခြေခံ ဈာန်ဟူသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေ ထိုက်သည်၏ အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် အကယ်၍ အလိုရှိပါမူ နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတဉာဏ်’ ဖြင့်။ပ။ (ရှေး အကြောင်းနှင့် ယခုဘဝ ဒိဗ္ဗသောတအဘိညာဉ်၏အခြေခံ ဈာန်ဟူသော) အကြောင်းရှိလတ်သော် ထိုထို အရာ၌ပင် သက်သေထိုက်သည်၏ အဖြစ် (ဒိဗ္ဗသောတအဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိလို၏၊ တပ်မက်မှု ‘ရာဂ’ နှင့်တကွသော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ’ နှင့် တကွသော စိတ်”ဟု သိလို၏၊ တပ်မက်မှု ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “တပ်မက်မှု ‘ရာဂ’ ကင်းသောစိတ်”ဟု သိလို၏၊ အမျက်ထွက်မှု ‘ဒေါသ’ နှင့်တကွသော စိတ်ကိုလည်း “အမျက်ထွက်မှု ‘ဒေါသ’ နှင့်တကွသော စိတ်”ဟု သိလို၏၊ အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်မှု ‘ဒေါသ’ ကင်းသော စိတ်”ဟု သိလို၏၊ တွေဝေမှု ‘မောဟ’ နှင့် တကွသော စိတ်ကိုလည်း “တွေဝေမှု ‘မောဟ’ နှင့်တကွသော စိတ်”ဟု သိလို၏၊ တွေဝေမှု ‘မောဟ’ ကင်းသော စိတ်ကိုလည်း။ ကျုံ့သော ‘သံခိတ္တ’ စိတ်ကိုလည်း။ ပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း။ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း။ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း။ သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ကိုလည်း။ သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ကိုလည်း။ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း။ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း။ လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း။ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း “မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်”ဟု သိလို၏ဟု အကယ်၍ အလိုရှိပါမူ (ရှေးအကြောင်းနှင့် ယခုဘဝ ပရစိတ္တဝိဇာနနအဘိညာဉ်၏ အခြေခံ ဈာန်ဟူသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင့်သက်သေထိုက်သည်၏အဖြစ် (ပရစိတ္တဝိဇာနန အဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် “ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့လို၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့လို၏”ဟု အကယ်၍ အလိုရှိပါမူ (ရှေးအကြောင်းနှင့် ယခုဘဝ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၏ အခြေခံ ဈာန်ဟူသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည်၏အဖြစ် (ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် “အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ပေါ်လာသောသတ္တဝါတို့ကို သိလို၏”ဟု အကယ်၍ အလိုရှိပါမူ (ရှေးအကြောင်းနှင့်ယခုဘဝ ဒိဗ္ဗစက္ခုအဘိညာဉ်၏အခြေခံ ဈာန်ဟူသော) အကြောင်း ရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည်၏ အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်) သို့ ရောက်ရ၏။ ထိုရဟန်းသည် “အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင်လျှင် ထူးမြတ်သော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေလို၏”ဟု အကယ်၍ အလိုရှိပါမူ (ရှေးအကြောင်းနှင့် ယခုဘဝ အရဟတ္တဖိုလ်၏ အခြေခံ ပုဗ္ဗဘာဂဝိပဿနာဟူသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည်၏အဖြစ် (အရဟတ္တဖိုလ်) သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။