အင်္ဂုတ္တရနိကာယ်

၆-အဗျာကတဝဂ်

၆-ကိမိလသုတ်

၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ကျည်းပင်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါအသျှင်ကိမိလသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာမတည်တံ့နိုင်ခြင်း၏ အကြောင်းကားအဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ကိမိလ ဤလောက၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာဥပါသိကာမတို့သည် မြတ်စွာဘုရား၌ မရိုသေ မတုပ်ဝပ်မူ၍ နေကြကုန်၏၊ တရားတော်၌ မရိုသေမတုပ်ဝပ်မူ၍ နေကြကုန်၏၊ သံဃာတော်၌ မရိုသေ မတုပ်ဝပ်မူ၍ နေကြကုန်၏၊ အကျင့်သိက္ခာ၌ မရိုသေ့မတုပ်ဝပ်မူ၍ နေကြကုန်၏၊ သမာဓိ၌ မရိုသေ မတုပ်ဝပ်မူ၍ နေကြကုန်၏၊ မမေ့လျော့မှု၌ မရိုသေမတုပ်ဝပ်မူ၍ နေကြကုန်၏၊ အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ မရိုသေ မတုပ်ဝပ်မူ၍ နေကြကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်ခြင်း၏ အကြောင်း အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာတည်တံ့နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ကိမိလ ဤလောက၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာဥပါသိကာမတို့သည် မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိသည်ဖြစ်၍ နေကြကုန်၏၊ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍နေကြကုန်၏၊ အကျင့်သိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊ သမာဓိ၌ ရိုသေမှုတုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊ မမေ့လျော့မှု၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏၊ အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေမှု တုပ်ဝပ်မှုရှိသည်ဖြစ်၍ နေကြကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့နိုင်ခြင်း၏ အကြောင်း အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။