အင်္ဂုတ္တရနိကာယ်

၅-မုဏ္ဍရာဇဝဂ်

၂-သပ္ပုရိသသုတ်

၄၂။ ရဟန်းတို့ အမျိုး၌ သူတော်ကောင်းဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန်ဖြစ်၏၊ သားမယား၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏၊ ကျွန်အမှုလုပ်တို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏၊ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန်ချမ်းသာရန် ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏။

ရဟန်းတို့ ကြီးစွာသော မိုးသည် ခပ်သိမ်းသော ကောက်စပါးတို့ကို ကောင်းစွာ ပြည့်စုံစေသည် ဖြစ်၍လူများစွာ၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် အမျိုး၌ သူတော်ကောင်းဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန်ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏၊ သားမယား၏အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏၊ ကျွန်အမှုလုပ်တို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန်ချမ်းသာရန် ဖြစ်၏၊ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အကျိုးစီးပွါးကို ရွက်ဆောင်သူသည် လူများစွာတို့၏ စည်းစိမ်ကို ဖြစ်စေ၏၊ တရားစောင့်၍အကြားအမြင်များသော အကျင့်သီလနှင့် ပြည့်စုံသော ထိုသူတော် ကောင်းကို နတ်အပေါင်းသည်စောင့်ရှောက်၏၊ တရား၌ တည်သူကို ကျော်စော ထင်ရှားခြင်းသည် မစွန့်လွှတ်နိုင်။ တရား၌ တည်သော သီလနှင့်ပြည့်စုံသော မှန်သောစကားကို ဆိုလေ့ရှိသော မကောင်းမှုမှ ရှက်သောစိတ်ရှိသော ထိုသူကို တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။

ဒုတိယသုတ်။