အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၇-သောဘနသုတ်

၇။ ရဟန်းတို့ ကျွမ်းကျင်ကုန်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်ကုန်သော ရဲရင့်ကုန်သော အကြားအမြင်များကုန်သော တရားကို ဆောင်ကုန်သော တရားအားလျော်သော အကျင့်ကို ကျင့်ကုန်သော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် သံဃာကို တင့်တယ်စေကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းယောကျာ်းသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းမိန်းမသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရား အားလျော်သော အကျင့်ကို ကျင့်သော ဥပါသကာသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ဥပါသိကာမသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်ကုန်သော ရဲရင့်ကုန်သော အကြားအမြင်များကုန်သော တရားကို ဆောင် ကုန်သော တရားအားလျော်သော အကျင့်ကို ကျင့်ကုန်သော ပုဂ္ဂိုလ်လေးမျိုးတို့သည် သံဃာကို တင့်တယ် စေကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) ကျွမ်းကျင်၏၊ ရဲရင့်၏၊ အကြားအမြင်များ၏၊ တရားတော်ကို ဆောင်၏၊ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်၏၊ ထိုသို့ သဘောရှိသော သူကို သံဃာကို တင့်တယ်စေတတ်သူဟု ဆိုအပ်၏။ သီလနှင့် ပြည့်စုံသော ရဟန်းသည်လည်းကောင်း၊ အကြားအမြင်များသော ရဟန်းမိန်းမသည်လည်းကောင်း၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသကာသည်လည်းကောင်း၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည်လည်းကောင်း ထိုသူတို့သည် သံဃာကို တင့်တယ်စေကုန်၏၊ ထိုသူတို့သည် သံဃာ၏ တင့်တယ် ကြောင်း ပုဂ္ဂိုလ်တို့ မည်ကုန်၏။

သတ္တမသုတ်။