အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၁-တိတ္ထာယတနသုတ်

၆၂။ ရဟန်းတို့ မှားသော အယူတို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းအယူတို့ကို ပညာရှိတို့က မေးမြန်း စိစစ် စစ်ဆေးအပ်ကုန်သော် ထို့ထက်လွန်၍ပင်လည်း မပြုခြင်း ‘အကိရိယ’ မျှ၌သာ တည် ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်း သဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏။

ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏။

ရဟန်းတို့ “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် အကြောင်းမရှိ အထောက်အပံ့မရှိမူ၍ ဖြစ်၏”ဟု ပြောလေ့ ယူလေ့ ရှိသော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။

ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏ ဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲ မဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟု သင်တို့ ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန် သလော”ဟု ငါ မေး၏။ ဤသို့ ငါ မေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏။ ထိုသူတို့ ကို ငါသည် ဤသို့ ဆို၏— “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် ရှေးကပြုခဲ့ ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မပေးသည်ကို ယူလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မမြတ်သော အကျင့်ကို ကျင့်လေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မဟုတ် မမှန်စကား ပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကုန်းစကားပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကြမ်းတမ်းသောစကားကို ပြောလေ့ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ သူတစ်ပါးစည်းစိမ်ကို မက်မောလေ့ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသောအကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပျက်စီးစေလိုစိတ်ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရ ကုန်လတ္တံ့၊ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့် ဖြစ်ရကုန် လတ္တံ့”ဟု ငါဆို၏။

ရဟန်းတို့ ရှေးက ပြုခဲ့ဖူးသော အကြောင်းကိုသာလျှင် အမြတ်တနိုး ယုံကြည် စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည့်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့အား အသီးအခြား အကြောင်းနှင့်တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ ပဌမ နှိမ်နင်းခြင်းပေတည်း။ (၁)

ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း’သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏအချို့တို့ထံသို့ ချဉ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း’ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှု အားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏ဟု သင်တို့ ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန်ပါသလော”ဟု ငါမေး၏။ ဤသို့ ငါမေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏၊ ထိုသူတို့ကို ငါသည် ဤသို့ ဆို၏— “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူ တို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မပေးသည်ကို ယူလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မမြတ်သော အကျင့်ကို ကျင့်လေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မဟုတ်မမှန် ပြောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကုန်းစကား ပြောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ကြမ်းတမ်းသော စကားကို ပြောလေ့ရှိသူတို့သည် လောက ကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ သူတစ်ပါး စည်းစိမ်ကို မက်မောလေ့ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရ ကုန်လတ္တံ့၊ ပျက်စီးစေလိုစိတ် ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့၊ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်ရကုန်လတ္တံ့”ဟု (ငါဆို၏)။

ရဟန်းတို့ လောကကို အစိုးရသူ ဖန်ဆင်းခြင်းကိုသာလျှင် အမြတ်တနိုး ယုံကြည် စွဲလမ်းကြသူ တို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူ တို့အား အသီးအခြား အကြောင်းနှင့်တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ ဒုတိယ မြောက် နှိမ်နင်းခြင်းပေတည်း။ (၂)

ရဟန်းတို့ ထို သုံးမျိုးတို့တွင် “ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း’သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် အကြောင်းအထောက်အပံ့ မရှိမူ၍ ဖြစ်၏”ဟု ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ “အသျှင်တို့ ဤသတ္တဝါသည့်အလုံးစုံသော ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း၊ ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်းကောင်း၊ ချမ်းသာဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ‘ဥပေက္ခာ’ ကိုလည်းကောင်း ခံစား၏၊ ထို ခံစားမှုအားလုံးသည် အကြောင်း အထောက်အပံ့ မရှိမူ၍ ဖြစ်၏ဟု ပြောလေ့ ယူလေ့ရှိကုန်၏ဟူသည် မှန်ပါသလော”ဟု ငါ မေး၏။ ဤသို့ ငါမေးသော် “မှန်၏”ဟု ထိုသူတို့ကလည်း ဝန်ခံကုန်၏၊ ထိုသူတို့ကို ငါသည် ဤသို့ ဆို၏— “အသျှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် အကြောင်းအထောက်အပံ့ မရှိဘဲ ဖြစ်ရကုန်လတ္တံ့။ပ။ မှားသော မြင်ခြင်း ‘အယူ’ ရှိသူတို့သည် အကြောင်းအထောက်အပံ့ မရှိဘဲ ဖြစ်ရကုန်လတ္တံ့”ဟု (ငါဆို၏)။

ရဟန်းတို့ အကြောင်းအထောက်အပံ့ မရှိခြင်းကိုသာလျှင် အမြတ်တနိုး ယုံကြည်စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ ဤအမှုကိစ္စကို မပြုရန်သော်လည်းကောင်း၊ အလို ‘ဆန္ဒ’သည်လည်းကောင်း၊ အားထုတ်ခြင်း ‘ဝီရိယ’သည်လည်းကောင်း မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည် မပြုသင့်သည်ကို အမှန်အကန် အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့ အား အသီးအခြားအကြောင်းနှင့် တကွ ဖြစ်သော သမဏဝါဒသည် မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ တတိယ မြောက် နှိမ်နင်းခြင်းပေတည်း။ (၃)

ရဟန်းတို့ မှားသော အယူတို့သည် ဤသုံးမျိုးတို့ပေတည်း၊ ယင်းမှားသော အယူတို့ကို ပညာရှိ တို့က မေးမြန်း စိစစ် စစ်ဆေးအပ်ကုန်သော် ထို့ထက်လွန်၍ပင်လည်း မပြုခြင်း ‘အကိရိယ’ မျှ၌သာ တည် ကုန်၏။

ရဟန်းတို့ ငါ ဟောကြားထားသော ဤတရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ် ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူး စေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်သော ငါ ဟောကြားအပ်သော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ “ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိသမဏ ဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်။ “ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှု၏တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့တည်း”ဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ “ရဟန်းတို့ ဤသည်တို့ ကား စိတ်ဖြစ်ရာ ‘မနောပဝိစာရ’တရားတစ်ဆယ့်ရှစ်ပါးတို့တည်း”ဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။ “ရဟန်းတို့ ဤသည်တို့သည်ကား အရိယာတို့၏အမှန်တရား လေးပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်ပေ။

“ရဟန်းတို့ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း”ဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟု ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် အားဖြင့် ဤခြောက်ပါးတို့ပေတည်း။ “ရဟန်းတို့ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟု ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

“ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှု၏တည်ရာ ခြောက်ပါးတို့တည်းဟု ငါ ဟောကြား အပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ တွေ့ထိမှု၏့တည်ရာတို့သည် မျက်စိတွေ့ထိမှုတည်ရာ၊ နားတွေ့ထိမှုတည်ရာ၊ နှာခေါင်းတွေ့ထိမှုတည်ရာ၊ လျှာ တွေ့ထိမှုတည်ရာ၊ ကိုယ်တွေ့ထိ့မှုတည်ရာ၊ စိတ်တွေ့ထိမှုတည်ရာ အားဖြင့် ဤခြောက်ပါးတို့တည်း။ “ရဟန်းတို့ ဤသည်တို့သည်ကား တွေ့ထိမှုတည်ရာ ခြောက်ပါးတို့တည်းဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့ သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

“ရဟန်းတို့ ဤသည်တို့ကား စိတ်ဖြစ်ရာ တစ်ဆယ့်ရှစ်ပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ မျက်စိဖြင့် အဆင်းကို မြင်သော် သောမနဿဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အဆင်းသို့ ကပ်၍ ဖြစ်၏၊ နားဖြင့် အသံကို ကြားသော် သောမနဿဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အသံသို့ ကပ်၍ ဖြစ်၏၊ နှာခေါင်းဖြင့် အနံ့ကို နမ်းသော် သောမနဿဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အနံ့သို့ ကပ်၍ ဖြစ်၏၊ လျှာဖြင့် အရသာကို လျက်သော် သောမနဿဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အရသာသို့ ကပ်၍ ဖြစ်၏၊ ကိုယ်ဖြင့် အတွေ့ကို တွေ့ထိ သော် သောမနဿဝေဒနာဖြစ်ကြောင်း အတွေ့သို့ ကပ်၍ ဖြစ်၏၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အတွေ့ သို့ ကပ်၍ ဖြစ်၏၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အတွေ့သို့ ကပ်၍ ဖြစ်၏။ စိတ်ဖြင့် သဘောကို သိသော် သောမနဿဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏။ ဒေါမနဿဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏။ ဥပေက္ခာဝေဒနာဖြစ်ကြောင်း သဘောသို့ ကပ်၍ ဖြစ်၏၊ “ရဟန်းတို့ ဤသည်တို့ကား စိတ်ဖြစ်ရာ တစ်ဆယ့်ရှစ်ပါးတို့တည်းဟု ငါ ဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

“ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ အမှန်တရား လေးပါးတို့တည်းဟု ငါ ဟောကြား အပ်သော တရားကို ပညာရှိသမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် အဘယ်ကို စွဲ၍ ဆိုအပ်သော စကားဖြစ်သနည်း၊ ရဟန်းတို့ ဓာတ်ခြောက်ပါးတို့ကို အကြောင်းပြု၍ သူငယ်၏ (အမိဝမ်းသို့) သက်ဝင်ခြင်း ဖြစ်၏၊ သက်ဝင်ခြင်း ဖြစ်လတ်သော် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်၏၊ ‘အာယတန’ ခြောက်ပါးကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ ဖဿကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ခံစားသော ပုဂ္ဂိုလ်အား “ဤကား ဆင်းရဲတည်း”ဟု ငါ သိစေ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟု ငါ သိ စေ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟု ငါ သိစေ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု ငါ သိစေ၏။

ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဟူသည် အဘယ်နည်း၊ ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲတည်း၊ အိုရခြင်းသည်လည်း ဆင်းရဲတည်း၊ နာရခြင်းသည်လည်း ဆင်းရဲတည်း၊ သေရခြင်းသည်လည်း ဆင်းရဲတည်း၊ စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာ ပင်ပန်းရခြင်းသည်လည်း ဆင်းရဲတည်း၊ လိုချင်ရာမရခြင်းသည်လည်း ဆင်းရဲတည်း၊ အချုပ်အား ဖြင့် စွဲလမ်းမှု ‘ဥပါဒါန်’၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲတို့ပေတည်း။ ရဟန်းတို့ ဤဆိုအပ်ပြီးသည်ကို အရိယာတို့၏အမှန်တရားဖြစ်သော ဆင်းရဲခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ မသိမှု ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်မှုဟူသော အကြောင်းကြောင့် ဝိညာဉ် ဖြစ်၏။ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တည်ရာ ‘အာယတန’ခြောက်မျိုး ဖြစ်၏၊ တည်ရာခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏၊ တွေ့ထိခြင်းဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏၊ ခံစားခြင်းဟူသော အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ဖြစ်၏၊ တပ်မက်ခြင်းဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏၊ စွဲလမ်းခြင်းဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစု သက်သက် ဖြစ်ပေါ်၏။ ရဟန်းတို့ ဤဆိုအပ် ခဲ့ပြီးသည်ကို အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်းဟု ဆိုအပ်၏။

ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟူသည် အဘယ်နည်း၊ မသိမှု ‘အဝိဇ္ဇာ’၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုပြင်စီရင်မှုချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏၊ ဝိညာဉ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ ခြောက်မျိုးချုပ်၏၊ တည်ရာခြောက်မျိုး ချုပ်ခြင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ချုပ်၏၊ တပ်မက်ခြင်းချုပ်ခြင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းခြင်း ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ချုပ်၏၊ ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက် ချုပ်၏။ ရဟန်းတို့ ဤဆိုခဲ့အပ်ပြီးသည်ကို အရိယာတို့၏ အမှန်တရား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟု ဆိုအပ်၏။

ရဟန်းတို့ အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပေတည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤရှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤဆိုခဲ့အပ်ပြီးသည်ကို အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏။ “ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ အမှန်တရားလေးပါးတို့တည်းဟု ငါဟောကြားအပ်သော တရားကို ပညာရှိ သမဏဗြာဟ္မဏတို့ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့နိုင် မတားမြစ်နိုင်”ဟူ၍ ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။